စစ်ကောင်စီတပ်က ဖမ်းဆီးထားသော ကန်ပက်လက်စစ်ဘေးရှောင် ၄၀ နီးပါး အဆက်အသွယ်ပြတ်တောက်နေ

စစ်ကောင်စီတပ်က ဖမ်းဆီးထားသော ကန်ပက်လက်စစ်ဘေးရှောင် ၄၀ နီးပါး အဆက်အသွယ်ပြတ်တောက်နေ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့် အမျိုးသမီးနှင့် ကလေးငယ် အများစု ပါဝင်သော ဒေသခံ ၄၀ ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ၃ ရက်ကြာအထိ အဆက်အသွယ် ပြတ်တောက်‌နေကြောင်း သတင်း ရရှိသည်။

မေလ ၁၄ ရက်က အုံရွာတွင် ရောက်ရှိနေသော စစ်ကောင်စီတပ်သည် အုံရွာဒေသခံများ စစ်ဘေးရှောင်နေ သော တောတောင် ထဲအထိ လိုက်လာပြီးနောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ဟိုဘက်ကဟာနဲ့ ပတ်သက်လို့ ဘာမှ သတင်းမရဘူး။ လူသားတံတိုင်း လုပ်သလား၊ သေကြသလား၊ ရှင်ကြသလား ဘာမှကို မကြားရသေးပါဘူး။ စစ်ကြောင်းက စစ်ရှောင်တွေနေရာကို ဝင်လာပြီးတော့ ဖမ်းသွားတယ်။ အများစုက အမျိုးသမီးနဲ့ကလေးတွေ များတယ်။ လေးနှစ်၊ ငါးနှစ်သားတွေ” ဟု ၎င်းက ပြောသည်။

အဖမ်းခံရသော စစ်ဘေးရှောင်များသည် အမျိုးသမီးနှင့် ကလေးငယ်များက အများစုဖြစ်ကြပြီး အမျိုးသား ထဲတွင် အသက် ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ် (၂) ဦး၊ ၇၀ ကျော်အရွယ် အမျိုးသား (၁)ဦး၊ ၆၀ ကျော်အရွယ် ကိုယ်အင်္ဂါ မသန်စွမ်း အမျိုးသား (၁)ဦး၊ ၅၅ နှစ်အရွယ် စိတ်ကျန်းမာရေး အားနည်းသူ (၁) ဦးတို့ဖြစ်ကာ စုစုပေါင်း ၃၈ ဦး ဖြစ်ကြောင်း သိရသည်။

လွီးစုံ၊ ကောက်စောင်းရွာဘက်တွင် အုံရွာမှ ဒေသခံပြည်သူအားလုံးသည် စစ်ဘေးရှောင်နေကြစဉ် စစ်ကောင်စီ၏ လာရောက် ဖမ်းဆီးမှုကြောင့် ဒေသခံ ပြည်သူ ၁၀၀ နီးပါးသည်လည်း ထပ်မံ၍ ပိုဝေးသော နေရာသို့ စစ်ဘေးရှောင်ကြရကြောင်း သိရသည်။

“ အဲဒါ ဖြစ်ပြီးတဲ့ နောက်မှာ အဲဒီကနေ တော်တာ် ဝေးတဲ့နေရာအထိ ထပ်စစ်ရှောင်ကြတယ်။ အခုက အရေးပေါ် လိုနေတာက တာလပတ်တ အရမ်းကို လိုအပ်နေတယ်ပြောလို့၊ လောလောဆယ် ဆိုင်ကယ် ၂စီးနဲ့ ပို့နိုင်ဖို့ ၁၀ ချပ်လောက် ပို့နိုင်ဖို့ ကြိုးစား နေတယ်။ အခုသူတို့ နေတဲ့ နေရာမှာ မိုးတွေလည်း ရွာနေတယ်။ အဲဒီတောဘက်မှာ”ဟု ကန်ပက်လက်မြို့နယ်၊ လူသားစာနာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် အုံရွာပြည်သူများ အဖမ်းခံရသည့် တောင်ကြောနှင့် နီးကပ်သော ချိုင်လောင်းရွာသူ/သား အားလုံး ၈၀ နီးပါးသည် ထပ်မံစစ်ဘေးရှောင်နေရကြောင်းသိရသည်။

အုံရွာ၊ လွီးစုံ၊ ကောက်စောင်း၊ ချိုင်လောင်ရွာတို့သည် ထပ်မံစစ်ဘေးရှောင်နေရသောကြောင့် မိုးရွာထဲတွင် အမိုးအကာ တာလပတ်များ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

ကျင်ဒွေးမြို့မှ ထွက်ပြေးလာသော စစ်ကောင်စီ စစ်ကြောင်းနှင့် အုံရွာမှာ လေကြောင်းက စစ်ကူချသော စစ်ကြောင်းတို့သည် လက်ရှိတွင် အုံရွာတွင် စခန်းချနေကြကြောင်း သိရသည်။

အုံရွာ၏ အခြေအနေသည် စစ်ကောင်စီစစ်ကြောင်းများအနေဖြင့် ကျင်ဒွေးမြို့ထဲသို့ ပြန်လည်ထိုးစစ်ဆင်ရန် အစီအစဉ်များ ရှိနိုင်သကဲ့သို့ မကွေးတိုင်း၊ လောင်းရှည်ဘက်သို့ ပြန်လည်ဆုတ်ခွာရန် အခွင့်သာသော အနေအထားပေါ်တွင် ရှိနေကြောင်း သိရသည်။

ဧပြီလ ၁၇ ရက်က ကန်ပက်လက်မြို့နယ်၊ အုံရွာ၊ လွီးစုံရွာနှင့်ကောက်ဆောင်းရွာများကို ပေါင် ၅၀၀ ဗုံးများအပါအဝင် လေယာဉ် ၄ စီးဖြင့် လေကြောင်းဗုံးကြဲမှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရ သည်။

Most read this week

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...