မုန်းမြို့နယ်တွင် စစ်တပ်မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ (၁၀) ဦး ကျော် ရှိလာ

မုန်းမြို့နယ်တွင် စစ်တပ်မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ (၁၀) ဦး ကျော် ရှိလာ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် ပြီးခဲ့သည့်ဧပြီလမှ လက်ရှိအချိန်အထိ စစ်ကောင်စီ၏ မြေမြှုပ်မိုင်းများကြောင့် ထိခိုက်ဒဏ်ရာရှိသူ ဒေသခံစုစုပေါင်း (၁၀)ဦးကျော် ရှိလာပြီဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

မုန်းမြို့နယ်အတွင်းရှိ ရေလဲ(ဗမာ) (ကရင်)၊ အညာစု၊ နောင်ကုန်း အစရှိသည့်ကျေးရွာများသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးပြီး တပ်ပြန်‌ဆုတ်သွားချိန်တွင် ‌ထောင်ထားခဲ့သော မြေမြှုပ်မိုင်းများနင်းမိသဖြင့် အသက်(၁၄)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ (၁၀)ဦးကျော်ရှိလာပြီဟု မုန်းမြို့နယ်ရှိ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့တွေ(စစ်ကောင်စီတပ်များ) တစ်ပတ်နှစ်ပတ်ကျော်လောက်လာနေသွားပြီးတော့ ရွာတွေထဲက တဲအဝင်တို့ လမ်းမပေါ်တို့မှာ မိုင်းတွေထောင်ထားခဲ့လို့ လူတွေ ထိတာ (၁၀) ယောက်ကျော်ပြီ။ ကလေး(၁၄) နှစ်တစ်ယောက်ဆို ပုန်းကျင်းထဲမှာသူပစ္စည်းတွေယူဖို့ဝင်တဲ့အချိန် ၁၈ မိုင်းထိပြီး နှစ်ဘက်စလုံးပြတ်တာ။ မပြန်သေးပါနဲ့လို့ပြောတာ ပြည်သူတွေ ဆန္ဒစောတာလည်းပါတယ်။ ကျွဲနွားတွေလည်း ထိတာများတယ်” ဟု အဖွဲ့တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီးချိန် ထောင်ထားခဲ့သော မိုင်း များတွင် ပေါက်ကွဲအားပြင်းထန်သော မိုင်းအမျိုးအစားများလည်းပါဝင်နေပြီး လူအသွားအလာများသည့် နေရာ များကို ရွေးချယ်ထောင်ထားခဲ့ခြင်းဖြစ်သည့်အတွက် ထိုသို့ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်လာရသည်ဟုလည်း ဒေသခံအချို့က ကေအိုင်စီသို့ ပြောဆိုထားသည်။

နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးက “စစ်တပ်ပြန်ဆုတ်သွားပြီဆိုပြီး အိမ်ခဏပြန်ရင်း ထိတာက များတယ်။ သူတို့ထောင်တဲ့မိုင်းက အရင်ကလိုမဟုတ်ဘူး ။ ကားမိုင်းတွေထောင်လာတာ။ အဲဒီဘက်မှာဆို စစ်တပ်ထောင်တဲ့မိုင်းပဲထိတာ။ ဒီဘက်က(တော်လှန်ရေးတပ်ဖွဲ့)ထောင်တဲ့မိုင်းမထိဖူးဘူး၊ ဒီဘက်ကလည်း စစ်တပ်ပြန်ဆုတ်တဲ့လမ်းလောက်ပဲ ထောင်တာ။ စစ်တပ်ကတော့ အိမ်ထဲတွေ၊ စပါးကျီထဲတွေပါထောင်တော့ အထိခိုက် များတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါမြေမြှုပ်မိုင်းများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မှ လည်း ရှင်းလင်းရေးလုပ်ဆောင်နေသည့်အတွက် နေရပ်ပြန်လာသောဒေသခံများအနေဖြင့်တာဝန်ရှိသူများအား အသိပေးပြီးမှ သွားလာကြရန်နှင့် မိုင်းအန္တရာယ်စိတ်ချရမှ မိမိတို့ရပ်ရွာအတွင်း ပြန်ဝင်ကြရန်လည်း သက်ဆိုင်ရာတာဝန်ရှိသူများက ဒေသခံများကို တိုက်တွန်းထားသည်။

“ရွာသားတွေကတော့ အဲဒီရွာတွေမှာ အခုချိန်ထိပြန်မနေဘူးဆိုပေမယ့် ပစ္စည်းပြန်ယူဖို့ လုံခြုံရေးအဖွဲ့တွေနဲ့သွားတာရှိတယ်။ တောထဲကနေပတ်ပြီးတော့ ရွာထဲကိုပြန်ခိုးဝင်တာလည်းရှိတယ်။ KNLA ဘက်က အဲဒီဘက်အခြမ်းမှာ မိုင်းဖော်တာ ၁၀ လုံးကျော်ကျော်ဖော်မိပြီ။ အကောင်းဆုံးကတော့ တာဝန်ကျတဲ့သူတွေကမိုင်းရှင်းပြီး စိတ်ချရပြီဆိုတော့မှ ပြန်ဖို့ပေါ့။” ဟု အထက်ပါ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ဖြည့်စွက်တိုက်တွန်းသည်။

KNU အနေဖြင့် မိုင်းရှင်းလင်းရေးသာမက မိုင်းအန္တရာယ်နှင့်ပတ်သက်၍ လူထုအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရှိရသလို ပြီးခဲ့သည့် ဧပြီလအတွင်း မုန်းမြို့နယ်နေ ဒေသခံ (၆)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ဧပြီလ(၂၆)ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မိုင်းအပြင် ပေါက်ကွဲစေတတ်သော စစ်လက်နက် အကြွင်းအကျန်များကြောင့် ထိခိုက်သေဆုံးသူ (၁,၃၀၀) ကျော်ရှိလာကြောင်း မိုင်းစောင့်ကြည့် လေ့လာရေးအဖွဲ့)Landmine & Cluster Munition Monitor) ၏ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွက် အစီရင်ခံစာအရ သိရသည်။

CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...
Photo : SHRF
May 20, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်သည့် ရှမ်း-တရုတ်နယ်စပ်၊...
May 19, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း ကွမ်းသီးခြောက် ဝယ်လိုအားနှင့်...
May 18, 2026
စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ...