မွန်ပြည်နယ်မှာ စစ်ကောင်စီတပ် နေ့စဉ်ရက်ဆက် လေယာဉ်နဲ့ကင်းထောက်လာ

မွန်ပြည်နယ်မှာ စစ်ကောင်စီတပ် နေ့စဉ်ရက်ဆက် လေယာဉ်နဲ့ကင်းထောက်လာ

မွန်ပြည်နယ်အတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားလေ့ရှိတဲ့ မြို့ နယ်တွေမှာ စစ်ကောင်စီတပ်ကနေ နေ့စဉ်ရက်ဆက် လေယာဉ်နဲ့ကင်းထောက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အခုရက်ပိုင်းမှာ စစ်ကောင်စီတပ်ဟာ မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကနေ သထုံ၊ ဘီးလင်း၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ နေ့စဉ်ရက်ဆက် ညပိုင်းအချိန်တွေမှာ  စစ်ရ ဟတ်ယာဉ်နဲ့ ကင်းထောက်လာတာပါ။

ရေးမြို့နယ်ဒေသခံတစ်ဦးကတော့ သူတို့ဒေသအတွင်း ည ၁၁ နာရီ ၁၂ နာရီကြားမှာ လေယာဉ်သံ တွေ အကျယ်ကြီးကြားနေရတာ ညတိုင်းလိုလို ဖြစ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ ညတိုင်းလိုလိုပဲ အခုတလော လေယာဉ်အသံတော့ ကြားတယ်။ ဒါပေမယ့် ညပိုင်းဆိုတော့ လေ ယာဉ်တော့ မမြင်ဘူးပေါ့။ ည ၁၁ နာရီ ၁၂ နာရီ အဲဒီကြားထဲမှာ အသံတော့ ကြားတယ်။ အသံတော့ တအားကြီး အမြင့်ပျံမှာမဟုတ်ဘူး။ အသံက အကျယ်ကြီးကြားတယ်”လို့ ဆိုပါတယ်။

မုဒုံမြို့နယ်မှာလည်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်လှုပ်ရှားလေ့ရှိတဲ့ ကျေးရွာတွေနဲ့ အနီးတဝိုက် ရာဘာခြံတွေဘက်မှာ ညသန်းခေါင်ယံအချိန် စစ်ကောင်စီတပ်ရဲ့ လေကြောင်းပျံသန်းမှုတွေ ကြားနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တစ်ဘက်မှာ မွန်ပြည်သစ်ပါတီ AD ဝင်ရောက်လှုပ်ရှားတဲ့ မုဒုံမြို့နယ်ရှိ ရောင်းဒေါင်း၊ ကွမ်လှာ၊ နှီးပဒေါနဲ့ အနီးတဝိုက်ကျေးရွာတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခုရက်ပိုင်းအတွင်း နေ့ရောညပါ သွားလာလှုပ်ရှားတာတွေ ရှိနေတာပါ။

ရေးအခြေစိုက် မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက တော်လှန်ရေးတပ်တွေ စခန်းချထားတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်က ညပိုင်းလိုက်လံစုံစမ်းပြီး စစ်ဆင်ရေးလုပ်ဖို့ ပြင် ဆင်လေ့ကျင့်နေတာလို့ သူ့အမြင်ကို ပြောပါတယ်။

“ရန်သူက ညပိုင်းစစ်ဆင်ရေးတွေလုပ်ဖို့ ပြင်ဆင်နေသလားလို့ ကျွန်တော်တို့ ယူဆရတယ်။ ဥပမာ ရဟတ်ယာဉ်ပေါ်ကနေ ကြိုးနဲ့ဆင်းပြီး တော်လှန်ရေးသမားတွေ အမှတ်မထင်တဲ့ နေရာကနေ နောက်ကျောကနေဖြစ်ဖြစ်တိုက်ဖို့ ပြင်ဆင်နေတယ်လို့ ထင်တယ်။ အခုလောလောဆယ် ချမယ့်နေရာတို့ Dropping Point တို့ စစ်ဆင်မယ့်နေရာ နောက်ကျွန်တော်တို့ တပ်တွေရဲ့ စခန်းချထားတဲ့ နေရာတွေကို ညပိုင်းသူတို့ လိုက်လံစုံစမ်းနေတယ်။ မြင်မမြင်လေ့ကျင့်မှုတွေလုပ်တယ်လို့ ကျွန် တော်မြင်တယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ရှေ့တန်းစခန်းတွေမှာ ရောက်ရှိနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် ရိက္ခာပို့ ဆောင်ရာမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်မှုကနေလွတ်အောင် ညဘက်အချိန်တွေမှာ လေကြောင်းကနေ ထောက်ပို့တာလည်း ဖြစ်နိုင်တယ်လို့ နိုင်နဂါးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီဒုတိယပတ်အတွင်း မွန်နဲ့ ကရင်က တိုက်ပွဲတွေကို ထိန်းချုပ်နိုင်ဖို့ ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ စစ်ဆင်ရေးညွှန်ကြားနေချိန် တော်လှန် ရေးပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ဂျိုင်းမြစ်ဒေသမှာ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့သလို ရေးနဲ့သံဖြူဇရပ်ဘက်မှာလည်း စစ်ကောင်စီ တပ်စခန်းတချို့ ဝင်ရောက်တိုက်ခိုက်ခံထားရတာပါ။

ဒါကြောင့် စစ်ကောင်စီတပ်ဟာ မွန်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ် ရှားမှုအားကောင်းတဲ့နေရာတွေနဲ့ စစ်ဆင်ရေးဖော်ဆောင်လေ့ရှိတဲ့ ဒေသတွေမှာ ညအချိန်လေယာဉ်နဲ့ ကင်းထောက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

July 4, 2026
မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက်...
ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...
ဓာတ်ပုံ-PDF
July 1, 2026
တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို...