ကျောက်ထုတိုက်နယ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၀ ဦးခန့် သေဆုံး၊ ၃၀ ဦးကျော် ထိခိုက်ဒဏ်ရာများရရှိ၊ ရွာလုံးကျွတ် ထွက်ပြေးနေရ

ကျောက်ထုတိုက်နယ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၀ ဦးခန့် သေဆုံး၊ ၃၀ ဦးကျော် ထိခိုက်ဒဏ်ရာများရရှိ၊ ရွာလုံးကျွတ် ထွက်ပြေးနေရ

မကွေးတိုင်း၊ ကျောက်ထုတိုက်နယ်၊ အကြည်ပန်းပလွန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ပြည်သူများ အစည်းအဝေး ပြုလုပ်နေစဉ် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဒေသခံပြည်သူ ၂၀ ဦးခန့် သေဆုံးပြီး ၃၀ ဦးကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

“ လူဦးရေက များတယ်။ တစ်ကျောင်းလုံးကြီးကို မီးလောင်ပြာကျအောင် ပစ်လိုက်တယ်ဆိုတော့ ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ အလောင်း ၁၃ လောင်းကို ဆွဲထုတ်လို့ ရတယ်။ ဒါပေမဲ့ ဒီထဲမှာလည်း အများကြီး ပါသွားနိုင်တယ်။ ဒဏ်ရာ ရတဲ့ လူတွေလည်းပဲ ရေတွက်လို့ မရသေးဘူး။ ခန့်မှန်းခြေက ထိခိုက်ဒဏ်ရာရတာက ၃၀  လောက်ရှိလိမ့်မယ်။ ဆေးကုသဖို့ ထွက်သွားကြတာလေ ”ဟု ကျောက်ထုနှင့် ယောတွင် စစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

မေလ ၉ ရက် မနက် ၁၁ နာရီခန့်တွင် မကွေးတိုင်း၊ ဆောမြို့နှင့် ၆ မိုင်ခန့်အကွာက အကြည်ပန်းပလွန်း ကျေးရွာ ဘုန်းကြီးကျောင်း တွင် ပြည်သူများ အစည်းအဝေး ကျင်းပနေစဉ် စစ်ကောင်စီသည် လေကြောင်း တိုက်ခိုက်မှုဖြင့် ပထမတစ်ကြိမ်တွင် ပေါက်ကွဲအားပြင်းထန်သော ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ်တွင်လည်း ဘုန်းကြီးကျောင်းတည့်တည့်ကို လေကြောင်းမှ ပေါက်ကွဲအား ပြင်းထန်သော ဗုံးဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ ပြီး တတိယအကြိမ်တွင် မီးလောင်စေသော ဗုံးများဖြင့် တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းမှာ အလုံးစုံ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“ လူကတော့ ၂၀ ထက်တော့ မကျော်ပါစေနဲ့ ဆုတောင်းနေတာ။ ၂၀ ကတော့ မကနိုင်ဘူးလို့ပဲ အောက်မေ့နေတာ။ အစည်းအဝေးတက်တာက ၆၀ ခန့်အထိ လူက များတယ်။ အစည်းအဝေးကို ပထမလေကြောင်းတိုက်ခိုက်မှု ပစ်လိုက်တယ်။ အဆောက်အဦးတွေ ပြိုကျသွားတယ်။ ပြေးနိုင်လွှာနိုင်တာတွေက ပြေးကြတယ်။ ဒုတိယ အလုံးက အဆောက်အဦး ပြိုတယ်။ ပိတယ်။ တတိယအလုံးကြတော့ မီးလောင်ဗုံးနဲ့ဆိုတော့ ကျောင်းကြီးက မီးလောင်သွားတော့တာကိုး။ တော်တော်ကြီး ဆိုးဝါးတယ်လို့ ပြောရမယ်” ဟု ကျောက်ထုနှင့် ယောတွင် စစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

လတ်တလောတွင် သေဆုံးသူ ၁၃ ဦး၏ အလောင်းများကို မည်သူမည်ဝါမှန်းမသိဘဲ ဆွဲထုတ်နိုင်ခဲ့ပြီး ပြိုကျမီးလောင်ပျက်စီးသွားမှုထဲမှာလည်း သေဆုံးမှုများ ရှိနိုင်ကြောင်း၊ သေဆုံးမှု အသေးစိတ်ကို အတိအကျ မသိနိုင်သေးကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာ ရရှိသူများတွင် ခြေပြတ်လက်ပြတ်ဖြစ်သွားသောသူများ ရှိကြပြီး ဒဏ်ရာများမှာ ပြင်းထန်ကြကြောင်း သိရသည်။

အစည်းအဝေးကို ရပ်ရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လူသားစာနာမှု ကူညီနေသူများအပါအဝင် ပြည်သူ ၆၀ ခန့် တက်ရောက်ခဲ့ကြောင်း လတ်တလောမှာ စုံစမ်းသိရှိရသည်။

လေကြောင်းတိုက်ခိုက်ခံရသော အကြည်ပန်းပလွန်း ကျေးရွာမှ ဒေသခံများ အားလုံးသည် ရွာတွင် မနေရဲသောကြောင့် နီးစပ်ရာသို့ ထွက်ပြေးကုန်ပြီးဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် အကြည်ပန်းပလွန်းရွာ အနီးတဝိုက်နှင့် ကျောက်ထုနယ်တချို့ကို ဖုန်းလိုင်းများ လတ်တလောတွင် ဖြတ်တောက် ထားပြီး၊ လေကြောင်းတိုက်ခိုက်မှု၏ နောက်ဆက်တွဲ ဖြစ်စဉ်အသေးစိတ်ကို ထပ်မံ မသိရှိရသေးကြောင်း သိရသည်။

အကြည်ပန်းပလွန်းရွာနှင့် အနီးတဝိုက်ကို စစ်ကောင်စီသည် ဒရုန်းဖြင့် ကင်းထောက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

Most read this week

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...