ကန်ပက်လက်မြို့နယ်က ရွာ ၃ ရွာကို ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြောင်းဖြင့်တိုက်ခိုက်၊ ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာများရရှိ

ကန်ပက်လက်မြို့နယ်က ရွာ ၃ ရွာကို ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြောင်းဖြင့်တိုက်ခိုက်၊ ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာများရရှိ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက ကျေးရွာ ၃ ရွာကို စစ်ကောင်စီက လေယာဉ် ၄ စီးဖြင့် ပေါင် ၅၀၀ ဗုံးများအပါအဝင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဧပြီလ ၁၇ ရက် နေ့လည် ၂ နာရီခန့်က ကန်ပက်လက်မြို့နယ်၊ အောက်ကန့်အုပ်စု၊ အုံရွာအနီးဝန်းကျင်ကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တပ်ဖွဲ့ဝင်များ ချရန် ပြင်ဆင်နေစဉ် ချင်းကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်သောကြောင့် ပြန်သွားရကြောင်း ကန်ပက်လက်မြို့နယ်၊ လူသားစာနာဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ထို့နောက် မကြာမီတွင် စစ်ကောင်စီက လေယာဉ် (၄)စီးဖြင့် အုံရွာနှင့် အနီးဝန်းကျင်က လွီးစုံရွာ၊ ကောက်ဆောင်းရွာတို့ကို ဝဲပတ်၍ ပျံသန်းပြီး အုံရွာကို ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ လွီးစုံကျေးရွာကို စစ်သေနတ်ကြီးများဖြင့် လှည့်ပတ်ပစ်ခတ်ခဲ့ပြီး ကောက်ဆောင်းကျေးရွားကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အုံတို့ လွီးစုံတို့ ထိပ်ဘက်မှာ ပစ်ကြတယ်ဆိုတော့ ဒီရွာတွေမှာ လူငယ်တွေ ခိုအောင်းနေတယ်လို့ သူတို့က ခန့်မှန်းပြီးတော့ အဆောက်အဦးကြီးတွေကို ပစ်ချသွားတဲ့ သဘောပဲ။ အုံမှာ ပျက်စီးတဲ့ အိမ်တွေကလည်း အိမ်အကြီးကြီးတွေ၊ စာသင်ကျောင်း ဆောင်နဲ့ ဆရာနေအိမ်တွေကလည်း ကြီးတယ်။ အဆောက်အဦးကြီးတွေထဲမှာ လူများများ ရှိလောက်တယ်ဆိုပြီး မှန်းပစ်တယ်လို့ ခန့်မှန်းတယ်” ဟု ကန်ပက်လက်မြို့နယ်၊ လူသားစာနာဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အုံကျေးရွာတွင် စာသင်ကျောင်းဆောင် ၁ လုံး၊ ဝန်ထမ်း အိမ်ရာ ၂ လုံး၊ အရပ်သားပြည်သူအိမ် ၂ လုံးမှာ လုံးဝပျက်စီးသွားပြီး အရပ်သားများမှာ လေယာဉ်များ ဝဲပြန်ချိန် ထွက်ပြေးနိုင်သောကြောင့် ထိခိုက်မှု မရှိကြောင်း သိရသည်။

လွီးစုံရွာကို စက်သေနတ်ကြီးများဖြင့် လှည့်ပတ်ပစ်ခတ်မှုတွင် အသက် ၉ နှစ်အရွယ် ကလေးငယ်မှာ မျက်လုံးအောက် ရှပ်ထိ ဒဏ်ရာရရှိခဲ့ပြီး အသက် ၁၃ နှစ်အောက်ကလေးငယ်မှာ ခါးမှာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာများမှာ စိုးရိမ်းစရာ မရှိကြောင်း သိရသည်။

ကောက်ဆောင်းကျေးရွာတွင် အသက် ၅၇ နှစ်အရွယ် အရပ်သားပြည်သူတစ်ဦးမှာ နေအိမ်ဗုံးကြဲခံရမှုတွင် ညာဘက်ပေါင်ရင်းကို ဗုံးစဖောက်ဝင်သွား၍ ဆေးကုသမှုများ ခံယူနေရကြောင်း သိရသည်။

ရွာ ၃ ရွာက တချို့နေအိမ်များမှာ ကျည်ပေါက်ရာ အများအပြားကျန်ရစ်ခဲ့ကြောင်း သိရသည်။

အောက်ကန့်အုပ်စု၊ အုံ၊ လွီးစုံနှင့် ကောက်ဆောင်းကျေးရွာများမှ အိမ်ထောင်စု ၇၀ ကျော် ဒေသခံပြည်သူ ၃၀၀ ခန့်သည် ရပ်ရွာထဲကို မပြန်ရဲသောကြောင့် လက်ရှိအချိန်အထိ တောတောင်ထဲတွင် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

၎င်းတို့အတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေကြောင်း သိရသည်။

ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲ ဖြစ်ပွားနေသည်မှာ ၄ လခန့် ကြာမြှင့်နေပြီး တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

Photo - Û Kwëë Pãíñg

May 28, 2026
အာဏာသိမ်းစစ်တပ်သည် ချင်းပြည်နယ်မြောက်ပိုင်းတွင် မြို့များကို ပြန်လည်သိမ်းပိုက်ပြီးနောက် ၎င်းတို့...
May 27, 2026
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်အကြား စီးဆင်းနေတဲ့ တီအိုချောင်း(Tiau Lui) မှာ...
May 26, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့အနီးမှာ ချင်းတော်လှန်ရေးတပ်နှင့် အာဏာသိမ်း စစ်တပ်တို့ကြား...
May 25, 2026
ချင်းလဲန်းဒေသသို့ စစ်ကော်မရှင်တပ်ဖွဲ့များ စစ်ကြောင်းများစွာဖြင့် အဖက်ဖက်မှ...