တော်လှန်ရေးကာလ ပညာရေးထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်စေရန် ကြိုးပမ်းမည်ဟု ချင်းပညာရေးဝန်ကြီးဌာန ထုတ်ပြန်

တော်လှန်ရေးကာလ ပညာရေးထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်စေရန် ကြိုးပမ်းမည်ဟု ချင်းပညာရေးဝန်ကြီးဌာန ထုတ်ပြန်

ချင်းပြည်တွင် တော်လှန်ရေးကာလအတွင်း ပညာရေး ထိခိုက်နစ်နာဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် အားထုတ်ကြိုးပမ်းသွားမည်ဖြစ်ပြီး ချင်းပြည် ပညာရေးမူဝါဒ ကနေဦးမူကြမ်းကို ပထမအကြိမ် ပညာရေးအလုပ်ရုံးဆွေးနွေးပွဲက ရေးဆွဲအတည်ပြုနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ပထမဆုံးအကြိမ် ချင်းပြည် ပညာရေး အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၂၁ ရက်မှ ၂၄ ရက်အထိ ချင်းလုံမြို့တွင် ချင်းပြည်သူများကိုယ်တိုင်က ဦးဆောင်ကျင်းပပြီးစီးခဲ့ကြောင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနက မတ်လ ၂၇ ရက်က ထုတ်ပြန်သည်။

“ချင်းပြည်သမိုင်းတလျှောက်မှာ ကိုယ်ပိုင်ပြဌာန်းပြီး ကိုယ်တိုင်ရေးဆွဲတဲ့ ပညာရေးစနစ် မပေါ်ပေါက်ခဲ့ဖူးပဲ သူတပါး ရေးဆွဲ ပြဌာန်းပေးတဲ့ ပညာရေးစနစ်ကိုပဲ ကိုယ့်ချင်းပြည်နဲ့ လိုက်လျော ညီထွေမှု ရှိရှိ၊ မရှိရှိ လိုက်နာ အကောင်အထည် ဖော်ခဲ့ကြရ ပါတယ်။ ကျနော်တို့ ဆရာဆရာမတွေ၊ ကလေးတွေ၊ လူငယ်တွေကို အစွမ်းရှိရင် ရှိသလောက် တော်ခွင့်ပေးနိုင်မယ့် ပညာရေး ဘတ်ဂျတ်မျိုး နောင်တချိန်မှာ ဖန်တီးပံ့ပိုးနိုင်ဖို့ တော်လှန်ရေး အောင်နိုင်မှ ဖြစ်ပါမယ်။ အဆိပ်သင့်ပြီးသား ပညာရေးဝန်းကျင် မြေဆီလွှာကို စိုက်တိုင်း ဖြစ်ထွန်းနိုင်တဲ့ မြေဆီဩဇာဖြစ်အောင် လုပ်နိုင်ဖို့ ဒီတော်လှန်ရေး အောင်နိုင်မှ ဖြစ်ပါမယ်” ဟု ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီး Salai Cross Thang က ပြောသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲကို ချင်းပြည်၊ မြို့နယ်နှင့် ဒေသအသီးသီးက ပညာရေးဌာန ကိုယ်စားလှယ်ပေါင်း ၃၀ ကျော် တက်ရောက်ခဲ့ပြီး ချင်းပြည်ပညာရေးတစ်ခုလုံး၏ ၉၀ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုမှု ရရှိခဲ့ကြောင်း ချင်းပြည် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပညာရေးမူဝါဒ ကနေဦးမူကြမ်း၊ ပညာရေးလုပ်ငန်း စီမံချက် နှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များကို ချင်းပြည် ပညာရေးစနစ်အတွက် ရေးဆွဲအတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးအလွန်ကာလအတွက်လည်း ချင်းပြည်ပညာရေးစနစ် အားကောင်းခိုင်မာလာစေရန် အစွမ်းကုန် အားထုတ်ကြိုးပမ်းသွားမည်ဟု သိရသည်။

ချင်းပြည်ပညာရေးဝန်ကြီးဌာနကို ပြည်တွင်း/ပြည်ပရှိ မိဘပြည်သူများအနေဖြင့် တတ်နိုင်သည့် နည်းလမ်းပေါင်းစုံသုံးပြီး ဝိုင်းဝန်းကူညီကြရန် ချင်းပြည်ပညာရေးဝန်ကြီးဌာနက နှိုးဆော်ထားသည်။

ချင်းပြည်ပညာရေးဝန်ကြီးဌာနက ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ် အကောင်အထည် ဖော်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

ထို့အပြင် ပညာရေးအာမခံချက် ရှိစေရန်၊ ဖက်ဒရယ်ဒီမိုကရေစီပညာရေးနှင့် ကိုက်ညီသည့် ချင်းပြည် သင်ရိုးရေးဆွဲရန်၊ တော်လှန် ရေးတွင် ပါဝင်နေသည့် ကျောင်းသား/သူများ ဆက်လက်ပညာသင်ယူခွင့်ရရှိရန်နှင့် CDM ပညာရေးဝန်ထမ်းများ နစ်နာမှု မရှိစေဘဲ ဝန်ထမ်း ရပိုင်ခွင့် ရရှိစေရန် ရည်ရွယ်လုပ်ဆောင်မည်ဟု သိရသည်။

အလားတူ တော်လှန်ရေးကာလ ပညာရေးစေတနာ့ဝန်ထမ်းများကိုလည်း နစ်နာမှုမရှိစေရန်၊ အသက်မွေးဝမ်းကျောင်း ပညာရေးနှင့် အဆင့်မြင်ပညာရေးအထိ သင်ယူခွင့်ရရှိစေရန် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...
April 22, 2026
ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA...