စစ်ကောင်စီ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆီဆိုင်မြို့ ၉၀ ရာခိုင်နှုန်းကျော် ပျက်စီး

စစ်ကောင်စီ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆီဆိုင်မြို့ ၉၀ ရာခိုင်နှုန်းကျော် ပျက်စီး

စစ်ကောင်စီ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဆီဆိုင်မြို့ ၉၀ ရာခိုင်နှုန်းကျော် လုံးဝပျက်စီးသွားပြီဖြစ်ကြောင်း ပအိုဝ်းဒေသခံများထံမှ သိရသည်။

ဆီဆိုင်မြို့တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တို့ကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီမှ ဆီဆိုင်မြို့ကို လက်နက်ကြီးများဖြင့်လည်းကောင်း၊ လေကြောင်းမှ လည်းကောင်း တိုက်ခိုက်မှုများကို နေ့စဉ်လုပ်ဆောင်ခဲ့ကြောင်း PNLA က ထုတ်ပြန်ထားသည်။

ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာတွင် စစ်ကောင်စီအမြောက်တပ်အထိုင်ချထားပြီး ဆီဆိုင်မြို့ပေါ်သို့ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေခြင်း ဖြစ်သည်။

ဆီဆိုင်ဒေသခံတစ်ဦးက “လက်နက်ကြီးက နေ့တိုင်းပစ်တယ်ဗျ။ မနေ့က ပအိုဝ်းအမျိုးသားနေ့မှာတောင် ပစ်တယ်။ မြို့ထဲက အိမ်တွေကတော့ အကောင်းအတိုင်းကို မရှိသလောက်ပါပဲ။ စျေး၊ ဆေးရုံ ဘာတစ်ခုမှ မကျန်တော့ဘူး” ဟု ပြောသည်။

မတ်လ ၂၄ ရက်နေ့တွင် ကျရောက်သည့် စိန်ရတု ၇၅ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့တွင် စစ်ကောင်စီမှ ဆီဆိုင်မြို့ကို လက်နက်ကြီးများ၊ ဒရုန်းများ အသုံးပြုကာ အကြိမ် ၅၀ ကျော် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PNLA က ထုတ်ပြန်ထားသည်။

ဆီဆိုင်မြို့ပေါ်တွင် ဟိုခဲ၊ မင်္ဂလာ၊ သီရိ၊ အောင်သပြေ၊ အောင်ချမ်းသာ၊ မြကန်သာဟူ၍ ရပ်ကွက် ၆ ခုရှိပြီး ရပ်ကွက်တိုင်းတွင် ပျက်စီးဆုံးရှုံးမှုများရှိနေသည်။

စစ်ကောင်စီအနေဖြင့် နှစ်လနီးပါးကာလအတွင်း ဆီဆိုင်မြို့ကို လက်နက်ကြီးဖြင့် အကြိမ် ၉၀၀ ကျော်၊ လေကြောင်းဖြင့် အကြိမ် ၃၀၀ တိုက်ခိုက်ခဲ့ပြီး နေအိမ်ပေါင်း ၄၆၃ လုံး၊ ဘာသာရေးအဆောက်အအုံ ၁၈ ခု၊ မ စာသင်ကျောင်း ၄ ကျောင်း၊ မြို့မစျေးနှင့် ဆေးရုံတစ်ခု ပျက်စီးခဲ့ရသည်။

ဆီဆိုင်မြို့ပျက်စီးမှု၏ ၉၀ ရာခိုင်နှုန်းခန့်သည် လေကြောင်းနှင့် လက်နက်ကြီးများကြောင့်ဖြစ်ပြီး အရပ်သား ၅၃ ဦးလည်း သေဆုံးသွားခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO မှ ထုတ်ပြန်ထားသည်။

May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...
ပုံ-MUP
May 4, 2026
မွန်ဒေသခံပြည်သူများ၏ အသံကို မွန်ပြည်နယ်၊ မြို့နယ်အသီးသီးရှိ မွန်ညီညွတ်ရေးပါတီ MUP...