အာဏာသိမ်းကာလသုံးနှစ်အတွင်း ရှမ်းတောင်နှင့် ကရင်နီတွင် အရပ်သား (၄၅၇)ဦး သတ်ဖြတ်ခံရကြောင်း PKPF ထုတ်ပြန်

အာဏာသိမ်းကာလသုံးနှစ်အတွင်း ရှမ်းတောင်နှင့် ကရင်နီတွင် အရပ်သား (၄၅၇)ဦး သတ်ဖြတ်ခံရကြောင်း PKPF ထုတ်ပြန်

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်တာကာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီ(ကယား)ပြည်နယ်အတွင်း အရပ်သားပြည်သူ စုစုပေါင်း (၄၅၇)ဦး သေဆုံးခဲ့ရကြောင်း တိုးတက် သောကရင်နီပြည်သူ့အင်အားစု (PKPF)က ဖေဖော်ဝါရီလ (၁)ရက် ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ မိုးဗြဲမြို့နယ်၊ ဖယ်ခုံမြို့နယ်နှင့် ကရင်နီ(ကယား)ပြည်နယ်အတွင်းရှိ ဒေသများတွင် စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၏ ဖမ်းဆီးသတ်ဖြတ်ခံရမှုများကြောင့် ယခုလို အရပ်သား သေဆုံးမှုများဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ၎င်းသတ်ဖြတ်ခံရသည့် အရပ်သား (၄၅၇) ဦးအနက် (၁၄၉)ဦးမှာ စစ်ဘေးရှောင်နေစဉ် အချိန် အတွင်း လက်နက်ကြီး၊ လေကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်းလည်း (PKPF)က ထုတ်ပြန် ပြောဆိုထားသည်။

အာဏာသိမ်းကာလ ၃ နှစ်တာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ကရင်နီ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲပေါင်း(၉၆၀)ကြိမ်ဖြစ်ပွားခဲ့ပြီး ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ဝင်များဘက်မှ (၄၇၇) ဦး ကျဆုံးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

စစ်တပ်အာဏာသိမ်းထားသည့် သုံးနှစ်တာကာလအတွင်း ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်နှစ်စင်းနှင့် စစ်ကောင်စီတပ်မှ အသုံးပြုသည့် ကား (၆၈)စီး ပျက်စီးခဲ့ကြောင်းလည်း PKPF က ဆိုသည်။

ထို့အတူ စစ်ကောင်စီ လေကြောင်းမှ (၁,၂၀၃) ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် ဘာသာရေးအဆောက်အအုံ (၄၈)လုံး၊ ဆေးရုံဆေးခန်း (၁၄)လုံး၊ စာသင်ကျောင်း (၂၂) ကျောင်းနှင့် လူနေအိမ် (၂,၃၇၅)လုံး ပျက်စီးခဲ့ကြောင်းလည်း PKPF ၏ ပြုစုထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

အာဏာသိမ်းကာလအတွင်း ကရင်နီပြည်နယ်နှင့် ထိစပ်နယ်မြေ ရှမ်းပြည်တောင်ပိုင်း ဒေသရှိ အကျဉ်းထောင်များတွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသူ အရပ်သား (၁၅၂)ဦးထိရှိပြီး ၎င်းတို့ အထဲမှ သေဒဏ်ကျခံ ထားရသူ (၃)ဦးနှင့် ထောင်ဒဏ်တစ်သက်ကျခံထားရသူ (၇)ဦးအထိရှိကြောင်း PKPF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(Progressive Karenni People Force-PKPF)သည် ရှမ်းပြည်နယ်တောင်ပိုင်း နှင့် ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီ၏ စစ်ရေး၊ နိုင်ငံရေး နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စောင့်ကြည့်မှတ်တမ်းတင်ထုတ်ပြန်နေသည့် အဖွဲ့တစ်ခုဖြစ်သည်။

Photo: PKPF

CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...
Photo : SHRF
May 20, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်သည့် ရှမ်း-တရုတ်နယ်စပ်၊...
May 19, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း ကွမ်းသီးခြောက် ဝယ်လိုအားနှင့်...
May 18, 2026
စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ...