သင်္ဃန်းညီနောင်တွင် ရဟတ်ယာဉ်ပစ်ချခံရပြီးနောက် စစ်ဆင်ရေးအရှိန်မြှင့်ရန် ဖားအံတပ်များ စစ်ကူတက်လာ

သင်္ဃန်းညီနောင်တွင် ရဟတ်ယာဉ်ပစ်ချခံရပြီးနောက် စစ်ဆင်ရေးအရှိန်မြှင့်ရန် ဖားအံတပ်များ စစ်ကူတက်လာ

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး သင်္ဃန်းညီနောင် အခြေချစစ်ဗျူဟာ တပ်နယ်မြေအတွင်းရှိ ခြေမြန်တပ်ရင်း- ခမရ (၃၅၅) နေရာတွင် ယမန်နေ့က စစ်ကောင်စီရဟတ်ယာဉ်တစ်စီး ပစ်ချခံရပြီး နောက် စစ်တပ် ဘက်မှစစ်ဆင်ရေးအရှိန်မြှင့်ရန် ဖားအံတပ်နယ်မှ စစ်ကူတပ်များ ကျုံဒိုးနှင့် နဘူးလမ်း ပိုင်းဘက်သို့ တက်လာနေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များက ပြောသည်။

ဇန်နဝါရီ ၂၉ ရက် နေ့ လည်ပိုင်းက တာဝန်ချိန်းပြောင်းရန်လာသည့် စစ်ကောင်စီတပ်၏ Eurocopter 365 (၁) စီးအား ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ပစ်ချခဲ့ပြီး ရဟတ်ယာဉ်ပေါ်တွင် တပ်မဟာ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် အပါအဝင် တပ်ရင်းမှူးနှင့် အရာရှိအဆင့် ၅ ဦး သေဆုံးခဲ့သည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ထားသည်။

“မနေ့က စစ်တပ်အရာရှိတွေ စီးတဲ့ရဟတ်ယာဉ် ပစ်ချခံရတယ်။ ၅  ယောက် သေတယ်။ စက်ပြင် တဲ့ တပ်ကြပ်ကြီး တစ်ယောက်တော့ မသေသေးဘူး ကြားတယ်။ နောက်ပြီး PDF ဒရုန်းတွေချတာ သင်္ဃန်း ညီးနောင် ဗျူဟာကုန်းမှာလည်း စစ်တပ်က ထိတာသေတာ ပျက်စီးတာရှိတယ်။  သတင်းမ ထွက် လာ ဘူး။  အခုလက်ခတ်တောင်၊ ကွင်းကလေး၊ ထီးမူးထ၊ မဲကနယ်ဘက်ကို စစ်ဆင်ရေး လုပ်ဖို့ ဖားအံက တပ်ကူတွေ ကျုံဒိုး ၅၄၅ တပ်နဲ့ နဘူး ၅၄၈ /၅၄၉ တပ်တွေဘက်မှာ ရောက်နေတယ်။ ဒီနေ့ သင်္ဃန်း ညီနောင် ဂွင်ကို အရောက်တက်မယ် ထင်တယ် ”ဟု ကော့ကရိတ် စစ်ရေးနယ်မြေ သတင်းအရင်းအမြစ် က ပြောသည်။

ဖာပွန်တပ်နယ်မှ သင်္ဃန်းညီနောင်တပ်နယ်သို့ အရာရှိအဆင့်များ တပ်ချိန်းရန်လာသည့် အဆိုပါ  ရဟတ်ယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့က စနိုက်ပါ လက်ဖြောင့်သေနတ်၊ စက်သေနတ်၊ ဒရုန်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ရာတွင် လေယာဉ်မှူးကို ထိမှန်သည့်အတွက် ယခုလို ရဟတ်ယာဉ်ပျက် ကျထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု စစ်တပ်အတွင်း သတင်းအရင်းအမြစ်က ပြောသည်။

ထိုသို့ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် မြဝတီတပ်နယ်အတွင်းရှိ ကရင်နယ်ခြားစောင့်တပ်-BGF စစ်ကတုတ်များတွင် စစ်အင်အား ဖြည့်တင်းမှုများ လုပ်ဆောင်နေသလို စစ်ယာဉ်တန်း ၁၀ စီးခန့်ဖြင့် မြို့တွင်းမြို့ပြင် ကင်းလှည့်နေကြောင်း မြဝတီမြို့ခံများက ဇန်နဝါရီလ ၃၀ ရက် ယနေ့တွင် ပြောသည်။

မြဝတီ ဒေသခံတစ်ဦးက “မနေ့က ရဟတ်ယာဉ်ပျက်ကျတော့ ၂၇၅တပ်က လက်ခတ်တောင်၊ ကွင်းက လေးဘက် လက်နက်ကြီးပစ်ထုတ်တာ ညအထိပဲ၊ BGF တွေလည်းကား ၁၀ စီးလောက်နဲ့ မဲကနယ်၊ သင်္ဃန်းညီနောင်ဘက် သွားလိုက်၊ မြို့ထဲ ကင်းပတ်လိုက် လုပ်နေတယ်။ လေယာဉ်လည်း ကင်းထောက် ပတ်နေတယ်။ သဲချောင်းတို့ မြေနီကုန်းတို့က BGF တွေ အင်အားဖြည့် ထားတယ် ”ဟု ပြောသည်။

လတ်တလော မြဝတီ လက်ခတ်တောင်၊ ၃၅၅/၃၅၆ တပ်ရင်းနေရာဘက်တွင် KNLA မဟာမိတ်ပူးပေါင်း PDF တပ်များ နှင့် စစ်တပ်နေရာများ နှစ်ဖက် စစ်ရေးတင်းမာနေသလို ကော့ကရိတ်မြို့တွင်း မြို့ပြင် နေရာများတွင်လည်း နှစ်ဖက်စစ်ရေးပြောက်ကျားပစ်ခတ်မှုများ ဆက်ရှိနေကြောင်း သိရှိရသည်။

Most read this week

December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...
December 18, 2025
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ဂျိုင်းမြစ်လမ်းကြောင်းမှတစ်ဆင့် မော်လမြိုင်မြို့ဘက်သို့...
December 18, 2025
KNU – ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဘုရားသုံးဆူမြို့နယ်ခွဲ၊ ကြိမ်ချောင်း (လေးဝါးဖလို့)...
December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...