တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုအများဆုံး မူဆယ်မြို့ကို ဝိုင်းရံပိတ်ဆို့ထားတယ်လို့ ညီနောင် ၃ ဖွဲ့ တရားဝင်ကြေညာ

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုအများဆုံး မူဆယ်မြို့ကို ဝိုင်းရံပိတ်ဆို့ထားတယ်လို့ ညီနောင် ၃ ဖွဲ့ တရားဝင်ကြေညာ

ရှမ်းပြည်နယ်မြောက်ပိုင်းက မူဆယ်မြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးရဲ့  ၉၄ မြောက်နေ့အတွက် ဒီနေ့မနက်အစောပိုင်း ထုတ်ပြန်ချက်မှာ "ရှမ်းမြောက်တွင်မူဆယ်မြိုအပါအဝင် အခြားသောမြို့ချို့နှင့်ရက္ခိုင်ဒေသအတွင်း အခြားသောမြို့အချို့တို့အား မိမိတိုမှ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားဆဲပင်ဖြစ်သည်" လို့ ကြေညာထားတာပါ။

အခြေအနေတစ်ခုအောက်မှာ အပြီးသတ်သိမ်းပိုက်ဖို့ ကျန်နေသေးတာကြောင့် မဟာဗျူဟာမြောက် ဝိုင်းရံပိတ်ဆိုထားတာ ဖြစ်တယ်လို့ ညီနောင် ၃ ဖွဲ့က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ကတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ အပစ်ရပ်ရေး "ဟိုင်ဂင် သဘောတူညီမှု" ကို စစ်ကောင်စီနဲ့ ညီနောင် ၃ ဖွဲ့ကြား သဘောတူခဲ့ကြပါတယ်။

တကယ်လို့ အဲဒီသဘောတူညီချက်ကို ညီနောင် ၃ ဖွဲ့ကမလိုက်နာဘဲ သတ်မှတ်ထားတဲ့အတိုင်း စစ်ဆင်ရေးဖော်ဆောင်မယ်ဆိုရင် (???) လို မြို့ကြီးတွေကိုလည်း သိမ်းပိုက်နိုင်မှာဖြစ်တယ်လို့ ညီနောင် ၃ ဖွဲ့က ဇန်နဝါရီလ ၁၉ ရက်နေ့တုန်းက ထုတ်ပြန်ခဲ့ပါသေးတယ်။

အဲဒီနောက် ၁၀ ရက်မြောက်တဲ့နေ့ ဒီနေ့ထုတ်ပြန်ချက်မှာတော့ မူဆယ်မြို့နာမည်ကိုပါ ထည့်ပြောပြီး ဝိုင်းရံပိတ်ဆို့ထားတဲ့အကြောင်း ထုတ်ပြန်လာတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့တုန်းကလည်း မူဆယ်မြို့နယ် ၁၀၅ မိုင် (ကုန်သွယ်ရေးဇုန်) ဒေသနားမှာရှိတဲ့ စစ်ရှောင်ပြည်သူတွေကို ရက္ခိုင့်တပ်တော် (AA) က ကူညီထောက်ပံ့ခဲ့တယ်ဆိုပြီး AA က ဓာတ်ပုံတွေနဲ့ တကွ ထုတ်ပြန်ခဲ့ပါသေးတယ်။

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့မှာ ညီနောင် ၃ ဖွဲ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာတော့ AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်က X(Twitter) စာမျက်နှာမှာ "သာလီစွပါ ၁၀၅ မိုင်" ဆိုပြီး စစ်တပ်ရဲ့ သံချပ်ကာကား ၂ စီးအပြင် AA အလံနဲ့အတူ တွဲရိုက်ထားတဲ့ AA စစ်သားတွေရဲ့ပုံကို တင်ခဲ့ပါတယ်။

အခု ညီနောင် ၃ ဖွဲ့ ပိတ်ဆို့ထားတဲ့ မူဆယ်ဟာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုစုစုပေါင်း တန်ဖိုးဟာ ဒေါ်လာသန်း ၄,၀၀၀ ကျော်အထိရှိခဲ့တဲ့ ကုန်သွယ်မှုအများဆုံးစခန်းတစ်ခု ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက် တဖြည်းဖြည်းလျော့ကျသွားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာတော့ ဒေါ်လာ သန်း ၂,၅၀၀ နီးပါး ကုန်သွယ်မှုပမာဏခဲ့ရှိတယ်လို့ စစ်ကောင်စီထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

စစ်ကောင်စီရဲ့ ဘဏ္ဍာနှစ်ဟာ အရင်အရပ်သားအစိုးရလက်ထက်ကလို အခုနှစ်အောက်တိုဘာနေ နောက်နှစ်စက်တင်ဘာထိ မဟုတ်တော့ဘဲ ဧပြီလကနေ နောက်နှစ်မတ်လကုန်ထိ ဖြစ်ပါတယ်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက်တော့ ဧပြီလကနေ ၂၀၂၃ နိုဝင်ဘာလ အထိ မူဆယ်စခန်းကနေ စုစုပေါင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ သန်း ၁,၆၀၀ ကျော်ရှိသွားပြီလို့ စစ်ကောင်စီရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အဲဒီကာလတူအတိုင်းကိုတော့ လက်ရှိမှာကိုးကန့်တပ် (MNDAA) သိမ်းပိုက်ထားတဲ့ ချင်းရွှေဟော်နယ်စပ်စခန်းကနေ စုစုပေါင်း ဒေါ်လာသန်း ၇၀၀ ကျော်ဖိုး ကုန်သွယ်ပြီးသွားပါပြီ။ တစ်နိုင်ငံလိုင်းအတိုင်းအတာနဲ့ကတော့ နယ်စပ်စခန်းစုစုပေါင်းကနေ ဒေါ်လာသန်း ၅,၇၀၀ ကျော်ဖြစ်ပါတယ်။

ဒါကြောင့် ချင်းရွှေဟော်နဲ့ မူဆယ်ပေါင်းလိုက်ရင် ကုန်သွယ်မှုပမာဏဟာ ဒေါ်လာ သန်း ၂,၃၀၀ ကျော်ရှိတာကြောင့် တစ်နိုင်ငံလုံးကနယ်စပ်ကုန်သွယ်မှုရဲ့ ၄၀ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...