ချင်းလဲန်းအစိုးရ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်များကို ယခုအပတ်အတွင်း အပြီးသတ် ရွေးချယ်မည်

ချင်းလဲန်းအစိုးရ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်များကို ယခုအပတ်အတွင်း အပြီးသတ် ရွေးချယ်မည်

ချင်းပြည်နယ်တွင် ချင်းတော်လှန်ရေးအင်အားစုများကိုယ်တိုင် ဖွဲ့စည်းသည့် ချင်းလဲန်းအစိုးရ၏ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ တရားသူကြီးချုပ်နှင့် တရားရေးအဖွဲ့ဝင်များကို ယခုတစ်ပတ်အတွင်း အပြီးသတ်ရွေးချယ်သွားမည်ဖြစ်ကြောင်း ချင်းလဲန်းကောင်စီက ယနေ့မှာသတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၂- ၂၃ ရက်တွင် ချင်းပြည်နယ်၊ CNF ဌာနချုပ်၊ ချင်းလုံမြို့တွင် ရွေးချယ် တင်မြှောက်ရေးကော်မတီ၏ ဒုတိယ အကြိမ်အစည်းအဝေးကို ကျင်းပခဲ့သည်ဟု သိရသည်။

ယင်းအစည်းအဝေးတွင် ချင်းလဲန်းအစိုးရအဖွဲ့ (Government of Chinland)၏ ဝန်ကြီးချုပ်၊ ဝန်ကြီး၊ ရှေ့နေချုပ်၊ စစ်ရင်းစစ်ချုပ် ရာထူးများ၊ Supreme Court of Chinland ၏ တရားသူကြီးချုပ်၊ တရားသူကြီး ရာထူးနေရာများကို အစုအဖွဲ့အသီးသီးမှ ပေးပို့သည့် အဆိုပြုစာရင်းများမှ ညှိနှိုင်းရွေးချယ်ခြင်းကို ဆောက်ရွက်လျက် ရှိသည်ဟု သိရသည်။

ယင်းတို့ကို ယခုသီတင်းပတ်အတွင်း ညှိနှိုင်းရွေးချယ်ခြင်းကို အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းလဲန်းကောင်စီက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၆ ရက်ကလည်း ချင်းလဲန်းကောင်စီ၏  ဦးဆောင်မှုဖြင့် ချင်းအမျိုးသားတပ်မတော် CNF/CNA နှင့် ဒေသန္တရ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူများသည် ချင်းလဲန်းအစိုးရအဖွဲ့၊  ကာကွယ်ရေးဝန်ကြီးဌာန ဖွဲ့စည်းရေးနှင့် ပတ်သက်၍ လုပ်ငန်းတာဝန်များ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနဖွဲ့စည်းရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုအကြောင်း ချင်းလဲန်းကောင်စီမှ တွဲဖက်အတွင်းရေးမှူး  -၁ ဆလိုင်းထက်နီကို မေးမြန်းရာတွင် အသေးစိတ်မည်သည့်အချက်မှ မဆွေးနွေးရသေးသောကြောင့် လတ်တလောတွင် မှတ်ချက်ပြုစရာ မရှိကြောင်း ခိုနူမ်းသုန်သတင်းဌာနကို ပြောသည်။

ရွေးချယ်တင်မြှောက်ရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ၂၀၂၃ ဒီဇင်ဘာလ ၁၂ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး Government of Chinland နှင့် Supreme Court of Chinland ဖွဲ့စည်းနိုင်ရေး အစုအဖွဲ့အသီးသီးမှ ပေးပို့သည် အဆိုပြုအမည်စာရင်းများကို လက်ခံကာ စိစစ်လျက်ရှိသည်ဟု သိရသည်။

ချင်းလဲန်းကောင်စီတွင် CNF/CNA ၊ ချင်းကာကွယ်ရေးအဖွဲ့ (CDF) ၁၄ ဖွဲ့နှင့် ချင်းလွှတ်တော်ကိုယ်စားလှယ်တချို့တို့ ပါဝင်သည်ဟု သိရသည်။

ချင်းလဲန်းကောင်စီတွင် မပါဝင်သည့် ချင်းတော်လှန်ရေးအင်အားစုများလည်း ရှိနေသည်။

May 22, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်မှုထမ်းဖို့အတွက် အပြင်သွားလာနေသောလူငယ်များကို...
May 21, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသော ZFU/PDF-Zoland က ကချင်လွတ်လပ်ရေးတပ်မတော်...
May 20, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့ကို အာဏာသိမ်းစစ်တပ်နှင့် ZRA – EC ပူးပေါင်းတပ်များ၏...
May 18, 2026
ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ဖလမ်း- ဟားခါး လမ်းပိုင်း...