တင်းမဗျူဟာကုန်းကို AA သိမ်းပိုက်

တင်းမဗျူဟာကုန်းကို AA သိမ်းပိုက်
AA သိမ်းပိုက်နိုင်ခဲ့သော တင်းမကျေးရွာအနီးရှိ စစ်ကောင်စီ၏ တောင်ရှည်တောင်ဗျူဟာကုန်းကြီး။ ဓာတ်ပုံ - Google Earth
AA သိမ်းပိုက်နိုင်ခဲ့သော တင်းမကျေးရွာအနီးရှိ စစ်ကောင်စီ၏ တောင်ရှည်တောင်ဗျူဟာကုန်းကြီး။ ဓာတ်ပုံ - Google Earth

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မြောက်ပိုင်း၊ ကုလားတန်မြစ်အရှေ့ဘက်၊ တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင်ဗျူဟာကုန်းကြီးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရက္ခိုင့်တပ်တော် (AA)ထံ လက်နက်ချအညံ့ခံလာသဖြင့် အလုံးစုံသိမ်းပိုက်ရရှိကြောင်း ညီနောင်သုံးဖွဲ့က ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်သည်။

“ဇန်နဝါရီလ (၆) ရက်၊ ည ၉ နာရီခန့်က “တောင်ရှည်တောင်ဗျူဟာကုန်းကြီး” တစ်ခုလုံးမှ တစ်ယောက်မကျန် မိမိတို့ထံ လက်နက်ချအညံ့ခံခဲ့ပြီ” ဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ညီနောင်မဟာမိတ်အဖွဲ့ဝင် ရက္ခိုင့်တပ်တော်(AA)သည် တင်းမဗျူဟာကုန်းခေါ် တောင်ရှည်တောင်ဗျူဟာကုန်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ပွဲသို့  ကျောက်တော်အခြေစိုက် အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ - ၉)မှ လက်နက်ကြီးပစ်ကူပေးကာ ဗျူဟာကုန်းမကျရှုံးဖို့အရေး ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့်  အကြိတ်အနယ်ခုခံခဲ့သော်လည်း တိုက်ပွဲ ၁၀ ရက်ကျော်အကြာတွင် AA က သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ရခိုင်ပြည်အတွင်း AA က ထိုးစစ်ဆင်နေသော ဗျူဟာကုန်းများမှ ခေါင်းဆောင်များအနေဖြင့်လည်း  စောလျင်စွာ ဆုံးဖြတ်ချက်ချ၍ လက်နက်ချအညံ့ခံရန် ထပ်မံသတိပေးကြောင်း ဆိုထားသည်။

ယင်းအပြင် သိမ်းပိုက်နိုင်ရန် အနည်းငယ်သာ လိုတော့သည့် စစ်ကောင်စီ၏ ဗျူဟာကုန်းအားလုံးကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်အောင် ဆက်လက်ကြိုးပမ်းနေကြောင်းနှင့် ၁၀၂၇ စစ်ဆင်ရေးကြီးကို အကောင်းဆုံးအနေအထားဖြင့် ဖြတ်သန်းလျက်ရှိကြောင်း ထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်တွင် စတင်ခဲ့သည့် ရခိုင်စစ်ပွဲ ၂ လတာအတွင်း ရက္ခိုင့်တပ်တော်(AA)သည် ရခိုင်နှင့် ပလက်ဝဒေသအတွင်း စစ်ကောင်စီ တပ်ခန်းကြီး/ငယ် ၁၅၀ ခန့်ကို သိမ်းပိုက်ရရှိထားပြီးလည်းဖြစ်သည်။

Most read this week

December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...
December 17, 2025
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့...
December 16, 2025
ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း...