တစ်နှစ်အတွင်း စစ်ကောင်စီ လူ့အခွင့်အရေးချိုးဖောက်မှု ၄,၆၀၀ ကျော်ရှိကြောင်း NUG ပြော

တစ်နှစ်အတွင်း စစ်ကောင်စီ လူ့အခွင့်အရေးချိုးဖောက်မှု ၄,၆၀၀ ကျော်ရှိကြောင်း NUG ပြော

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံအနှံ့တွင် စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ် စုစုပေါင်း ၄,၆၅၆ ခု ကျူးလွန်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဇန်နဝါရီလ ၃ ရက်ထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။

လူ့အခွင့်အရေးချိုးဖောက်ခံရမှုများမှာ စစ်ကိုင်းတိုင်း ၃၃၄ မှု၊ မကွေးတိုင်း ၉၈ မှု၊ မန္တလေးတိုင်း ၇၂ မှု၊ ပဲခူးတိုင်း ၂၉ မှု၊ ရန်ကုန်တိုင်း ၂၃ မှု၊ ချင်းပြည်နယ် ၂၁ မှု၊ တနင်္သာရီတိုင်း ၁၇ မှု၊ ကရင်၊ ကရင်နီနှင့် ရှမ်းပြည်နယ်တို့တွင် ၁၁ မှုစီ၊ ကချင်နှင့် ရခိုင်တွင် ၁၀ မှုစီ၊ မွန်တွင် ၇ မှု၊ ဧရာဝတီတိုင်းတွင် ၂ မှုနှင့် နေပြည်တော်တွင် ၁ မှုရှိခဲ့သည်။

အရပ်သားပြည်သူများ သတ်ဖြတ်ခံရမှုများမှာ လေကြောင်းမှတိုက်ခိုက်ခံရခြင်း၊  တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရခြင်း၊ အကြောင်းမဲ့ပစ်သတ်ခြင်း၊ မီးရှို့သတ်ဖြတ်ခံရခြင်းတို့ကြောင့် ဖြစ်သည်။ ယင်းအထဲတွင် ဥပဒေမဲ့သတ်ဖြတ်ခြင်းအား ပိုမိုတွေ့ရှိရပြီး ဥပဒေမဲ့သတ်ဖြတ်မှု စုစုပေါင်း ၈၆ မှု ရှိခဲ့ကာ သေဆုံးသူအရပ်သား စုစုပေါင်း ၁,၃၄၂ ဦး ရှိခဲ့ကြောင်း NUG စာရင်းတွင် ဖော်ပြသည်။

လက်ရှိတွင်လည်း ညီနောင်မဟာမိတ်(၃)ဖွဲ့ ဦးဆောင်သော ၁၀၂၇ စစ်ဆင်ရေးမှာ စစ်ရေးအရှိန်ပြင်းထန်နေပြီး စစ်ကောင်စီက အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများနေ့စဉ် ရှိနေသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်ကောင်စီက ကျူးလွန်နေသောလုပ်ရပ်များမှာ လူ့အခွင့်အရေးချိုးဖောက်မှုအပြင် လူမျိုးတုံးသတ်ဖြတ်မှုအထိ စစ်ရာဇဝတ်မှုမြောက်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောကြသည်။

“အခုက စစ်ရာဇဝတ်မှုကို ကျူးလွန်နေတဲ့အဆင့်ကို ရောက်သွားပြီ။ လက်နက်ကြီးနဲ့ပစ်တာ၊ မီးရှို့တာတွေ အဲဒီလို ရက်ရက်စက်စက်လုပ်နေတဲ့ စစ်ဝါဒီလုပ်ရပ်တွေကို ကျနော်တို့က လူ့အခွင့်အရေးချိုးဖောက်မှု ဆိုတာလောက်နဲ့ တိုင်းတာလို့မရတော့ဘူး။ တကယ့်ကို စစ်စရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတွေ လုပ်နေတာဟာ လူ့အခွင့်အရေးချိုးဖောက်တာထက် အဆပေါင်းများစွာ ပိုသွားပြီ” ဟု ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီသည် ရှမ်း၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ ကရင်၊ ကရင်နီ၊ ကချင်၊ မွန်၊ မကွေး၊ ပဲခူး ဒေသများအတွင်း အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်နေသည်ကို ပို၍တွေ့မြင်ရကြောင်း NUG က ဆိုထားသည်။

၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများထဲမှ ဖြစ်စဉ် ၁၆၅ ခုကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) နှင့် နိုင်ငံတကာသို့ NUG က ပေးပို့ခဲ့ကြောင်း သိရသည်။

July 7, 2026
ရခိုင်ပြည် တောင်ပိုင်းရှိ မြို့နယ် ၅ ခုတွင် တစ်ရက်အတွင်း လေဆင်နှာမောင်း ဆက်တိုက်...
July 6, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း အရပ်သား နေထိုင်သည့် ကျေးရွာများကို စစ်တပ်က...
ကျောက်ဖြူခရိုင်တရားရုံးကို ၂၀၂၂ ဇွန်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
July 6, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း ဖမ်းဆီးခံရသည့် စက်လှေပိုင်ရှင်နှင့် ခရီးသည် ၁၃...
July 4, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ဘူးသီးတောင်မြို့နယ်၊ ဝါးနက်ရုံကျေးရွာနှင့် အနီးအနားကို စစ်တပ်က...