မြို့ပေါင်း ၁၉ မြို့ဆုံးရှုံးထားတဲ့ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲအပြီး အာဏာလွှဲပေးသွားမယ်လို့ပြော

မြို့ပေါင်း ၁၉ မြို့ဆုံးရှုံးထားတဲ့ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲအပြီး အာဏာလွှဲပေးသွားမယ်လို့ပြော

အထွေထွေရွေးကောက်ပွဲကနေ ထွက်ပေါ်လာမယ့်အစိုးရကို နိုင်ငံတော်တာဝန်တွေ လွှဲအပ်နိုင်ရေး ဆောင်ရွက်သွားမယ်လို့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၄ ရက်နေ့မှာကျရောက်တဲ့ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအတွက် ပေးပို့တဲ့သဝဏ်လွှာမှာ ပြောခဲ့တာဖြစ်ပါတယ်။

"စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်စေရေးနှင့် ၎င်းရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် အစိုးရကို နိုင်ငံတော်တာဝန်များ လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်" လို့ စစ်ခေါင်းဆောင်က ပြောခဲ့တာလည်း ဖြစ်ပါတယ်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ကောက်ယူမယ်ဆိုပြီး စစ်ကောင်စီဘက်က မကြာခဏ ပြောထားသလို ဒီနေ့ပေးပို့တဲ့ သဝဏ်လွှာထဲမှာလည်း သန်းခေါင်စာရင်းအကြောင်း ထည့်ပြောထားတဲ့အပြင် နှစ်သစ်ကူးမိန့်ခွန်းတုန်းကလည်း ထည့်ပြောခဲ့ပါသေးတယ်။

အဲဒီသန်းခေါင်းစာရင်းကောက်ပြီးရင်တော့ မဲစာရင်းတွေရလာရင် ရွေးကောက်ပွဲကို ကျင်းပနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အခုအချိန်မှာတော့ စစ်ကောင်စီဟာ ၂၀၂၃ ဇွန်လကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ ၁၂ မြို့၊ စစ်ကိုင်းတိုင်းက မြို့ ၃ မြို့၊ ချင်းပြည်နယ်က မြို့ ၃ မြို့နဲ့ ကရင်နီပြည်နယ်က မြို့ ၁ မြို့တို့ကို ဆုံးရှုံးထားပါတယ်။

အဲဒီနောက် ဒီနေ့မနက်ပိုင်းမှာပဲ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲအနိုင်ရတဲ့ အစိုးရကို အာဏာလွှဲပေးမယ်ဆိုပြီး ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

အခုအချိန်မှာတော့ တော်လှန်ရေးအင်အားစုတွေက မြို့သိမ်းနိုင်ရေး တိုက်ခိုက်နေတဲ့ မြို့တွေရှိနေသလို စစ်ကောင်စီကို ပိတ်ဆို့ထားတဲ့ မြို့တွေလည်း အများအပြား ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ မြို့ပေါင်း ၃၃၀ ကျော်ရှိတဲ့အနက် စစ်ကောင်စီဟာ ၁၉ မြို့ကို လက်လွှတ်ထားရတာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအတာရဲ့ ၅ ရာခိုင်းနှုန်းကျော်ကို လပိုင်းအတွင်း ဆုံးရှုံးခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ရက္ခိုင့်တပ်တော် (AA) ကလည်း ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ စစ်တပ်စခန်းတွေအကုန်လုံးကို တစ်ခုမှမကျန်အောင် အပြတ်ချေမှုန်းသွားမယ်လို့ ဒီနေ့မနက်ပိုင်းမှာ ကြေညာထားပါသေးတယ်။

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...