ရွှေကူမှာ စက်လှေတွေမီးရှို့ဖျက်ဆီးခံရလို့ စက်လှေပေါ်နေထိုင်သူ လူပေါင်း ၆၀ ကျော် အခက်အခဲဖြစ်

ရွှေကူမှာ စက်လှေတွေမီးရှို့ဖျက်ဆီးခံရလို့ စက်လှေပေါ်နေထိုင်သူ လူပေါင်း ၆၀ ကျော် အခက်အခဲဖြစ်
စက်တင်ဘာလ ၁၈ ရက်နေ့ ရွှေကူမြစ်ကမ်းနံဘေး စစ်တပ်က မီးရှို့သွားတဲ့ စက်လှေတွေကို မြင်တွေ့ရစဉ်
စက်တင်ဘာလ ၁၈ ရက်နေ့ ရွှေကူမြစ်ကမ်းနံဘေး စစ်တပ်က မီးရှို့သွားတဲ့ စက်လှေတွေကို မြင်တွေ့ရစဉ်

ကချင်ပြည်နယ် ရွှေကူမြို့မှာ စစ်ကောင်စီတပ်က အရပ်သားတွေရဲ့ စက်လှေတွေကို မီးရှို့ဖျက်ဆီးလိုက်တဲ့နောက် စက်လှေပေါ်  မှီခိုနေထိုင်နေတဲ့ အရပ်သား ၆၀ ကျော် နေရာထိုင်ခင်းနဲ့ အစားအသောက် အခက်အခဲ ဖြစ်သွား တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၈နာရီခွဲမှာ ရွှေကူ အမှတ် ၂ ရွာသစ်နယ်မြေ ဧရာဝတီ မြစ်ကမ်းဘေးမှာ ကပ်ထားတဲ့ ရွှေမော်တော်တွေနဲ့ ဒေသခံတွေရဲ့ စက်လှေ စုစုပေါင်း အစီး ၄၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့တာဖြစ်ပြီး အဲ့ဒီ ထက်ဝက်ခန့်ဟာ စစ်ကိုင်းဘက်ကနေ စစ်ရှောင်လာတဲ့ ပြည်သူတွေ ခိုလှုံ နေထိုင်တာ ဖြစ်တယ်လို့ ရွှေကူ မြိုအခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

“စက်လှေပေါ်နေ စက်လှေပေါ်မှာစားတဲ့လူတွေကတော့ အတော်လေးဒုက္ခရောက်သွားတယ် သူတို့က စက်လှေ ပေါ်မှာ အိမ်လိုပဲ နေကြတာလေ။ အခုအကုန်ပါသွားတယ် မီးထဲ။ အဝတ်တစ်ထည် ကိုယ်တစ်ခုပဲကျန်တယ်။

သူတို့က အောက်ပိုင်းမှာ ရွာတွေမီးရှို့ခံရတော့ ဒီမှာ မရှိ ရှိတာလေးနဲ့ လာပြီး လုပ်ကိုင် စားသောက်နေကြတာ။ အခုလို ထပ်ရှို့ခံလိုက်ရတော့ ဘာမှကို ရစရာမရှိတော့ဘူး” လို့ ပြောပါတယ်။

စက်လှေတွေပေါ်မှီခိုပြီး လုပ်ကိုင်စားသောက်ကြတဲ့ အရပ်သား ၆၀ ကျော်ဟာ စစ်ကိုင်းတိုင်း စဥ့်ကူးမြို့နယ်နဲ့ စဥ့်ကိုင်နယ်ထဲက ဖြစ်ပြီး နေအိမ်မီးရှို့ခံရမှုနဲ့ စစ်ဘေးကြောင့် ရွှေကူနယ်ထဲ ပြောင်းရွေ့လာကာ စက်လှေတွေပေါ် နေထိုင်ပြီး လုပ်ကိုင်စားသောက်နေကြရာကနေ အခုလိုဖြစ်သွားတာလို့ ဆိုပါတယ်။

“သူတို့ထဲမှာ တချို့ရွှေလုပ်တဲ့ သူလည်းရှိတယ်။ အများစုကတော့ နေ့စား ဘာညာလိုက်ပြီး နေကြတာ။ တချို့ လည်း ရွှေလုပ်တဲ့ နေရာမှာ အစု စားလုပ်ပြီး နေတာပေါ့။ အခုစက်လှေတွေ ပါသွားတော့ ရွှေကူမြို့ပေါ်က အမှတ် ၁ နဲ့ အမှတ် ၂ ထဲမှာ ရှိနေကြတယ်။ အဆင်ပြေတဲ့နေရာတွေမှာ ခိုလုံနေကြတယ်။ ဘုန်းကြီးကျောင်းထဲ နေကြ မလို့ ဘုန်းကြီးကျောင်းတွေထဲမှာလည်း စစ်သားတွေ ရှိနေတာလေ” လို့ ရွှေကူဒေသခံ အမျိုးသားက ဆက် ပြော ပါတယ်။

စက်လှေတွေ မီးရှို့ခံလိုက်ရတဲ့ အရပ်သားတွေအတွက် လတ်တလော နေရာထိုင်ခင်း အတည်တကျ မရှိတဲ့ အခက်အခဲနဲ့ စားဝတ်နေရေးက အစ အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုကြပါတယ်။

စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၁၉ ရက်နေ့၊ နေ့လည်ပိုင်းထိ ရွှေကူသင်္ဘောဆိပ်ဘက်ကို အရပ်သားတွေ သွားလာခွင့် ပိတ်ထားပြီး မြစ်ကမ်းဘေးတစ်လျှောက် ကင်းပုန်းဝပ်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ရွှေကူမြို့နယ်နဲ့ မြို့နယ်ချင်းစပ်နေတဲ့ ဗန်းမော်မြလယ်ကျွန်းမှာတော့ စစ်ကောင်စီတပ်က အရပ်သားတွေရဲ့ ရွှေမော်တော်တွေကို ဖမ်းဆီးမီးရှို့တာမျိုး ပုံမှန်ပြုလုပ်နေပေမယ့် ရွှေကူနယ်ထဲမှာတော့ အခုလို အရပ်သားတွေရဲ့ စက်လှေ၊ ရွှေမော်တော်တွေကို မီးရှို့တာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

ဒါ့အပြင် အရပ်သားတွေရဲ့ စက်လှေနဲ့ ရွှေမော်တော်ယာဉ်တွေကို မီးရှို့သွားတဲ့ စစ်သင်္ဘော ၆ စီးကလည်း ရွှေကူဆိပ်ကမ်းမှာ ဆိုက်ကပ်ထားဆဲ ဖြစ်ပါတယ်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...