ဗန်းမော်နယ် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ်က ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံးကြဲ

ဗန်းမော်နယ် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ်က ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံးကြဲ

ကချင်ပြည်နယ် ဗန်းမော်နှင့် ရွှေကူ မြို့နယ်အစပ် ဗန်းမော်နယ်ထဲက ဧရာဝတီမြစ်ကမ်းဘေး တစ်လျှောက်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က တိုက်ပွဲ မဖြစ်ဘဲ ဩဂုတ်လ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် လေယာဉ်ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က သြဂုတ် ၁၈ ရက်နေ့၊ နံနက် ၄ နာရီခွဲ အချိန်ခန့်ကစပြီး ရွှေကူနယ်နှင့် ဗန်းမော်နယ်အစပ်ရှိ ဗန်းမော်နယ်ထဲက မြလယ်ကျေးရွာ၊ ငှက်ပျောတောကျေးရွာ၊ ကောင်းတုံကျေးရွာထဲနှင့် အနီးအနားဝန်းကျင် ပတ် လည် နေရာများကို ဂျက်ဖိုက်တာ ၃ စီးနှင့် ဗုံးကြဲသွားခဲ့သည်ဟု မြလယ်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

“လေးနာရီခွဲက တစ်ခါကြဲတယ် ကိုးလုံးတိတိ ကြဲတယ်။ နောက်ပြီးတော့ အခုနောက်ကြဲတာက မရေတွက်နိုင် ဘူး။ လေယာဥ်က သုံးစီးလေ။ ပထမကြဲတာက ရွာထဲကိုမကြဲဘူး။ ကောင်းတုံနဲ့ မြလယ် သချိုင်းကုန်းတွေ ကြဲတာ။ နောက်ထပ် လာကြဲတာကတော့ ရွာထဲက ဘောလုံးကွင်းတွေမှာ ကျတယ်။ အခု အားလုံးကပြေးနေ ရတော့ ကောင်းကောင်းမသိရဘူး” ဟု ပြောသည်။

စစ်ကောင်စီ၏ ဂျက်ဖိုက်တာ ၃ စီးသည် ယနေ့ နံနက် ၄ နာရီခွဲမှ ၄နာရီ မိနစ် ၅၀ ဝန်းကျင် အချိန်ခန့်ထိ ၉ ကြိမ် ထက်မနည်း ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ဒေသခံများမှာ ကြိုတင် တိမ်းရှောင်နေရသည့်အတွက် လူထိခိုက်မှု မရှိသော် လည်း အဆောက်အအုံ၊ အိမ်မွေးတိရိစ္ဆာန်များနှင့် အခြားထိခိုက်မှုများက ရှိနိုင်သည်ဟု ထွက်ပြေးတိမ်းရှောင် နေရသည့် ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ယခုကဲ့သို့ ဗုံးကြဲမှုအပေါ် ရွှေကူ PDF နှင့် နီးစပ်သူတစ်ဦးက

“ဘာလို့ကြဲ သလဲဆိုတော့ သူတို့ လမ်းကြောင်းရှင်းတာပါ့အေး။ ဆင်းခန်းမှာ ကပ်ထားတဲ့ စစ်သင်္ဘောတွေက ဒီနေ့ မနက်အစောကြီး ထွက်ဖို့ ပြင်နေတာ။ စက်တွေဘာတွေနိုးနေပြီ ဆိုတော့ မြလယ်တို့၊ ကောင်းတုံတို့ဆိုတာ က ဆင်းခန်းနဲ့ ၇မိုင် ၈မိုင်ဝေးတယ်။ သင်္ဘောမထွက်မီရှေ့ကို ကြိုပြီး လမ်းရှင်းတဲ့ သဘောပါပဲ” ဟု ပြောသည်။

စစ်ကောင်စီက စစ်သင်္ဘော ၉ စီးထွက်မည့် လမ်းကြောင်းကို ကြိုရှင်းသည့် ပုံစံနှင့် လမ်းကြောင်းတစ်လျှောက်က ကျေးရွာများအား ဗုံးကြဲခဲ့သည့်အပြင် ဗန်းမော်အမြောက်တပ်နှင့် အခြား စစ်တပ်ကုန်း နေရာများကနေလည်း မြလယ်၊ ကောင်းတုံကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် နံနက် ၈နာရီခွဲ အချိန်ထိ လှမ်းပစ်နေသော်လည်း ကာကွယ်ရေးတပ်ဘက်တွင် ထိခိုက်မှုမရှိဘူးဟု ဗန်းမော် PDF ကတာဝန်ရှိသူက ပြောသည်။

“ကျွန်တော်တို့ ဘက်ကလည်း လောလောဆယ် အနေအထားမှာ ပြန်ဆုတ်ခဲ့ရတဲ့ အနေအထားပါ။ လောလော ဆယ်တော့ သူတို့ဗုံးကြဲလို့ ကျွန်တော်တို့ဘက်က ထိခိုက်တာတော့ မရှိဘူးဗျ” ဟု ပြောသည်။

မြလယ်၊ ကောင်းတုံ၊ ငှက်ပျောတောနှင့် အနီးဝန်းကျင်ရှိကျေးရွာများမှာ ပြီးခဲ့သည့် ၅ ရက်ခန့်ကတည်းက တောတောင်များထဲ ထွက်ပြေးတိမ်းရှောင်သွားကြခြင်း ဖြစ်သည်။ ယနေ့နံနက်ဖြစ်ပွားခဲ့သည့် လေကြောင်း ဗုံးကြဲမှုထဲ အရပ်သားထိခိုက်မှု အခြေအနေကို KNG သတင်းဌာနက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

သြဂုတ်လ ၁၆ ရက်နေ့တွင် ရွှေကူမှ ဗန်းမော်ကို ဆန်တက်သွားသညည် စစ်သင်္ဘော ၉စီးမှာ သြဂုတ် ၁၆ ရက် နေ့ညပိုင်းတွင် ဒုတိယမြစ်ကျဥ်းအရောက် မြို့လှ PDF က ၁၀၇ မမ ကျည်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အထိ နာပြီး ဆင်းခန်းတွင် ဆိုက်ကပ်ခဲ့ရာမှ ယနေ့နံနက်ပိုင်းတွင် စတင်ထွက်ခွာခြင်း ဖြစ်သည်။

အလားတူ ယမန်နေ့ (ဩဂုတ်လ ၁၇ ရက်နေ့)တွင်လည်း စစ်သင်္ဘောများ ဆင်းခန်းတွင် ဆိုက်ကပ်ထားစဥ် ဆင်း ခန်းနှင့် ၈မိုင်ခန့်ဝေးသည့် ဇင်းဘုံကျေးရွာထဲ သင်္ဘောလုံခြုံရေးပေးရန် တပ်စွဲထားသည့် စစ်ကြောင်း တိုက်ခိုက်ခံ ရခြင်းကြောင့် အထိနာပြီး ၉ ဦးထက်မနည်း သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း ရွှေကူနယ်နှင့် ဗန်းမော်နယ် မြစ်ကြောင်း တစ်လျှောက်တွင် အထိနာနေသောကြောင့် စစ်သင်္ဘောများ ဆက်ပြီး ဆန်တက်နိုင်ရေး ယခုကဲ့သို့ လေကြောင်းကို အသုံးပြု ပစ်ခတ်ခြင်း ဖြစ်သည်ဟု သုံးသပ်မှုများ ရှိနေသည်

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...