ကျောက်တံခါးတွင် လူနေကျေးရွာများကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်‌နေ

ကျောက်တံခါးတွင် လူနေကျေးရွာများကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်‌နေ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများနေထိုင်ရာကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ပြော သည်။

ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာနှင့် တလိုင်းခင်ကျေးရွာကို စစ်ကောင်စီက Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ် သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်သည်။

“နံဇရွာက အိမ်တွေကို မီးရှို့ထားပြီးသားကို အခုထပ်ပြီး လေကြောင်းနဲ့ပါဗုံးကြဲဖျက်ဆီးနေတာပါ” ဟု ကျောက် တံခါးမြို့နယ် မြေပြင်သတင်းအရင်းအမြစ်က ပြောသည်။

ယမန်နေ့က လေကြောင်းတိုက်ခိုက်မှုမှာ မွန်းလွဲ ၂နာရီခွဲမှ ၃ နာရီ ၂၃ မိနစ်အထိ ကြာခဲ့ပြီး ယင်းနောက်ပိုင်းတွင် ဒရုန်းဖြင့် ထပ်မံ ဗုံးကြဲချသွားသည်ဟု ဒေသခံများကပြောသည်။

အိမ်ခြေ ၂၀၀ ခန့်ရှိသော နံဇကျေးရွာတွင် ဩဂုတ်လ ၁၄ ရက်နေ့အထိ အိမ် ၁၁၉ လုံးကို စစ်ကောင်စီက မီးရှို့ ဖျက်ဆီးခဲ့ပြီးနောက် ယခုအခါ လေကြောင်းမှ ထပ်မံဗုံးကြဲချခဲ့ရာ ကျန်အိမ်များကိုပါ ဖျက်ဆီးနေခြင်း ဖြစ်သည် ဟု သတင်းအရင်းအမြစ်က ဆိုသည်။

စစ်ကောင်စီသည် ကျောက်တံခါးမြို့နယ်အတွင်း၌ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီး ပစ်ခတ်မှုများ ကိုလည်း နေ့စဉ်ပြုလုပ်နေဟု ဆိုသည်။

ဩဂုတ်လ ၁၄ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖျံတလင်းကျေးရွာမှ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ကျောက်တံခါးမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လ နှင့် ယခု ဩဂုတ်လအတွင်း စစ်ကောင်စီတပ်နှင့် ဒေသတွင်း မဟာမိတ် ပူးပေါင်းတပ်များကြား ရင်ဆိုင်တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်တွင် အထိအခိုက် အကျအဆုံးများခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်မှ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

လက်ရှိတွင် ကျောက်တံခါးမြို့နယ်အတွင်း စစ်ရေးတင်းမာနေခြင်းနှင့် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် နံဇကျေးရွာအုပ်စု၊ သမင်အင်းကုန်းကျေးရွာအုပ်စု၊ တောင်ခင်ကျေးရွာအုပ်စု၊ ကညင်ကျိုးကျေးရွာအုပ်စု၊ ဗောဓိ ကွင်းကျေးရွာအုပ်စုတို့မှ ပျမ်းမျှ ဒေသခံပြည်သူ ၁၀,၀၀၀ ခန့်သည် စစ်ဘေးရှောင်နေကြရကြောင်း ကျောက် တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ပုံအညွှန်း - နံဇရွာကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လအတွင်း မီးရှို့ဖျက်ဆီးခဲ့စဉ်

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...