ကဇူးယန်ရွာအတွင်း လက်နက်ကြီးကျည် ကျလာသည့်အတွက် ဒေသခံများ ရွှေ့ပြောင်းနေကြရ

ကဇူးယန်ရွာအတွင်း လက်နက်ကြီးကျည် ကျလာသည့်အတွက် ဒေသခံများ ရွှေ့ပြောင်းနေကြရ

ကချင်ပြည်နယ်၊ ဝိုင်းမော် - လိုင်ဇာလမ်းပေါ်မှာရှိ ကဇူးယန်ကျေးရွာအတွင်း လက်နက်ကြီးကျည် ၃ လုံး ကျလာသည့်အတွက် ဒေသခံများ မြို့ပေါ်ရှိ နီးစပ်ရာဆွေမျိုးများနှင့် စစ်ဘေးရှောင်စခန်းများတွင် ရွှေ့ပြောင်းခဲ့ ကြရသည်ဟု ပြောသည်။

ဩဂုတ်လ ၅ ရက်နေ့က ကဇူးယန်ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလာခြင်း ဖြစ်ပြီး ဒေသခံများ ရွာထဲတွင် မနေရဲသောကြောင့် ယခုကဲ့သို့ သယ်နိုင်သမျှ ပစ္စည်းအသုံးအဆောင် အချို့ကို ယူဆောင် ကာ ဘေးလွတ်ရာ နေရာများဆီသို့ ရွှေ့ပြောင်းနေကြခြင်း ဖြစ်သည်။

ကဇူးယန်ကျေးရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက “ရွာသားတွေ အရမ်းကြောက်လန့်သွားကြလို့ အားလုံးက ပစ္စည်းသိမ်းပြီး ပြောင်းဖို့လုပ်နေတယ်။ ကျွန်မတို့ မရှိ ပြန်ရင်လည်း ရွာကိုမီးရှို့ပေးလိုက်မှာလည်း စိုးရိမ်ရတယ်” ဟု ပြောသည်။

ကဇူးယန်ကျေးရွာက ပြည်သူများသည် ၎င်းတို့ အိမ်များအတွင်းရှိ အရေးကြီးပစ္စည်းများကို စစ်ရှောင်စခန်းများ ဆီ အရင်ဆုံးပြောင်းရွှေ့ရန် လုပ်ဆောင်နေကြသည်ဟု ဒေသခံများက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောသည်။

အချို့မိဘများက မူလတန်းကြိုကျောင်းတက်နေသည့် ကျောင်းသူကျောင်းသား အချို့ကို ကျောင်းထုတ်ပြီး မြို့ ဘက်တွင် ကျောင်းပြောင်းထားနေသည့် အခြေအနေများပင် ရှိနေပြီဟု ဆိုကြသည်။

အလားတူ သူငယ်တန်းမှ အလယ်တန်းအထိတက်နေသည့် ကလေးငယ်များကိုမူ စစ်ရေးတင်းမာလာပါက ကျောင်း ခေတ္တပိတ်ပြီး ပြန်ဖွင့်နိုင်ရေး တိုင်ပင်ထားကြသည်ဟု ရပ်မိရပ်ဖများက ပြောသည်။

သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များရှိသည့် မိသားစုများ အနေဖြင့်လည်း မြို့ပေါ်ရှိ စစ်ရှောင်စခန်းနှင့် အနီး ဝန်းကျင်တွင် အခန်းများ ငှားရမ်းကာ ပြောင်းရွှေ့နေထိုင်နေကြပြီဟု ဒေသခံများက ပြောသည်။

ရွာအတွင်းကျရောက် ပေါက်ကွဲခဲ့သည့် လက်နက်ကြီးကျည် ၃ လုံးထဲက တစ်လုံးမှာ ကျေးရွာအုပ်ချုပ်ရေးမှူး အိမ်ရှေ့နှင့် နောက်တစ်လုံးမှာမူ ပြည်သူများ၏ အိမ်ရှေ့တွင် ကျရောက်ပေါက်ကွဲသည်ဟု ဆိုသည်။

ထို့အပြင် ကျန်တစ်လုံးမှာမူ စိုက်ခင်းတစ်ခုပေါ်ကျခဲ့ရာ အဆိုပါ လက်နက်ကြီးကျည်မှာ မပေါက်ကွဲခဲ့ဘူးဟု ဒေသခံအမျိုးသမီးတစ်ဦးက အတည်ပြုပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီစစ်ကြောင်းများသည် ကဇူးယန်ကျေးရွာကို ဝိုင်းထားသည့် အနေအထားမျိုး ရှိနေ၍ ကျေးရွာထဲတွင် လုံခြုံမှုမရှိတော့သည့် အတွက် ယခုအခြေအနေထက် စစ်ရေးမတင်းလာခင်  ပစ္စည်း များကို အရင်ဆုံး လုံခြုံသည့် နေရာများသို့ ပြောင်းရွှေ့နေကြခြင်း ဖြစ်သည်ဟု ဆိုသည်။

ကဇူးယန်ကျေးရွာမှာ ယခု ၂၀၂၃ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့မှာပင် စစ်ရှောင်စခန်းအချို့မှ နေရပ်ပြန်လာနေထိုင် ကြခြင်း ဖြစ်သည်။

အလားတူ  ဇူလိုင်လဆန်းက ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ အကြားက တိုက်ပွဲများကြောင့်လည်း ဆမားဇုံးနယ်ရုံးတွင် လာရောက်ခိုလှုံနေသည့် နမ်ဆန်ယန်ကျေးရွာက စစ်ရှောင် အိမ်ထောင်စု ၁၉ စု ရှိနေသေးသည်ဟု ကူညီပေးနေသူများက ပြောသည်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...