CDF တပ်ဖွဲ့ဝင် ၂၀၀ အိန္ဒိယသို့ နိုင်ငံရေးခိုလှုံခွင့်တောင်းသည်ဆိုသည်မှာ မဟုတ်မှန်

CDF တပ်ဖွဲ့ဝင် ၂၀၀ အိန္ဒိယသို့ နိုင်ငံရေးခိုလှုံခွင့်တောင်းသည်ဆိုသည်မှာ မဟုတ်မှန်

ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) အဖွဲ့ဝင် ၂၀၀ လက်နက်ချကာ အိန္ဒိယနိုင်ငံသို့ နိုင်ငံရေးခိုလှုံခွင့် တောင်းသည် ဆိုသောသတင်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိနေသည်။ ယင်းမှာ မှားယွင်းနေသည်။

“ရန်ကြီးအောင်” အမည်ရှိ တယ်လီဂရမ် ချန်နယ်က ဩဂုတ်လ ၄ ရက်နေ့တွင် ပုံသုံးပုံဖြင့် “မြန်မာတပ်မတော် ကို အပြုတ်တိုက်မယ် ဆိုတဲ့ Cdf ချင်းပလုံးပဒက် အင်အား 200 ခန့် အိန္ဒိယနိုင်ငံသို့ လက်နက်အပ်နှံပြီး နိုင်ငံရေး ခိုလှုံခွင့် တောင်းသွားပါကြောင်း သတင်းရရှိပါသည်” ဟု (မူရင်းအရေးအသားတိုင်း) ရေးသားကာ ဖြန့်ဝေခဲ့သည်။

ထိုအကြောင်းသည် တယ်လီဂရမ်နှင့် Group ကိုးခုတွင် ပျံ့နှံ့လျက်ရှိပြီး ကြည့်ရှုသူ ၆,၀၀၀ ကျော်ရှိသည်။ အလား တူပင် ဖေ့စ်ဘုတ်တွင် ပြန်လည်ဖြန့်ဝေမှုများလည်း ရှိနေသည်။

မဇ္ဈိမ၏ အချက်အလက် စစ်ဆေးသူများ အနေဖြင့် အဆိုပါ ဖြန့်ဝေမှုတွင်ပါဝင်သည့် ဓာတ်ပုံနှင့် အကြောင်း အရာများအား အချက်အလက် စစ်ဆေးခဲ့သည်။

ဓာတ်ပုံများထဲမှ တတိယပုံသည် ၂၀၂၂ ခုနှစ်ကတည်းကရှိနေခဲ့သည့် ပုံဟောင်းဖြစ်သည်။ “Titus Tang” အမည်ရှိ YouTube အသုံးပြုသူက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ချင်းဘာသာစကားဖြင့် တင်ဆက်ထားသည့် ဗီဒီယိုဖိုင်၌ ပါဝင်သည့် ဓာတ်ပုံဖြစ်သည်။

CDF တပ်ဖွဲ့ဝင်များ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံခြင်းနှင့် ပတ်သက်၍ အိန္ဒိယသတင်းဌာနများ ဖြစ်သည့် India Today၊ NDTV၊ The Indian Express၊ The Economic Times တို့တွင် ရှာဖွေခဲ့ရာ၌ သတင်းတုက ဖော်ပြထားသည့် CDF တပ်ဖွဲ့ဝင် ၂၀၀ ခန့် အိန္ဒိယနိုင်ငံသို့ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသည်ဟူသည့် အကြောင်းအရာကို မတွေ့ရပေ။

အလားတူပင် မြန်မာသတင်းဌာနများ၌လည်း ထိုအကြောင်းနှင့် ပတ်သက်၍ သတင်းဖော်ပြမှု မရှိပေ။

ချင်းပြည်နယ်အတွင်းရှိ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက်နေသည့် Chinland Joint Defense Committee (CJDC) တပ်ဖွဲ့မှ တာဝန်ရှိသူတဦးကို အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ပြီး ဆက်သွယ် မေးမြန်းခဲ့သည်။

၎င်းမှ “မကြားမိပါဘူး။ တကယ်လို့ရှိလာခဲ့ရင်လည်း ကျွန်တော်တို့ ကြားသင့်ပါတယ်။ မသိလိုက်ဘူးနော်။ တစ် ဖက်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းတဲ့သူ မရှိသေးဘူး” ဟု ပြောသည်။

ထို့ကြောင့် CDF တပ်ဖွဲ့ဝင် ၂၀၀ ခန့် လက်နက်ချကာ အိန္ဒိယနိုင်ငံကို နိုင်ငံရေးခိုလှုံခွင့် တောင်းသည် ဆိုသော သတင်းမှာ အမှန်တကယ် မရှိသည့် အကြောင်းအရာကို လုပ်ကြံဖန်တီးရေးသားထားသည့် သတင်းအမှားသာ ဖြစ်သည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...