ကျော်ဆေးခန်းပိုင်ရှင် ဒေါက်တာသိန်းမြင့်ဝေ ဖမ်းဆီးခံရ

ကျော်ဆေးခန်းပိုင်ရှင် ဒေါက်တာသိန်းမြင့်ဝေ ဖမ်းဆီးခံရ
သတင်းဓါတ်ပုံ - ဖားကန့်မြို့တွင်းတစ်နေရာ
သတင်းဓါတ်ပုံ - ဖားကန့်မြို့တွင်းတစ်နေရာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်မှာရှိတဲ့ ကျော်ဆေးခန်းပိုင်ရှင် ဖမ်းဆီးခံလိုက်ရတယ်လို့ ဖားကန့် ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီဆေးခန်းဟာ ပုဂ္ဂလိကဆေးခန်းဖြစ်ပြီး ၂၄ နာရီဖွင့်တဲ့ဆေးခန်းဖြစ်ပါတယ်။ ဩဂုတ်လ ၂ ရက်နေ့  ညက ဆေးခန်းဖွင့်ထားချိန်မှာ အိမ်စီးကား ၅ စီးနဲ့ လူအင်အား ၁၀ ကျော်ရောက်လာပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေက အခုလိုပြောပါတယ်။

ဒေသခံတစ်ဦးက “မနေ့ည ဖမ်းဆီးခံသွားရတာ ဖားကန့်ဆေးရုံအုပ်ဟောင်းဟုတ်တယ် ဖမ်းဆီးခံရတဲ့ချိန် ဆေးခန်းမပိတ်သေးဘူး။ ဆေးခန်းကနေ လာဖမ်းသွားတာ” လို့ ပြောပါတယ်။

ဖမ်းဆီးခံသွားရသူဟာ ဖားကန့်ဆေးရုံအုပ်ဟောင်း ဒေါက်တာသိန်းမြင့်ဝေဆိုသူဖြစ်ပြီး အာဏာသိမ်းမှုမဖြစ်ခင် ဆေးရုံအုပ်ကြီး တာဝန်မှ နုတ်ထွက်ထားသူ ဖြစ်တယ်လို့လည်း ဖားကန့်ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေပြောပြချက်အရ ဒေါက်တာသိန်းမြင့်ဝေကို ဖမ်းဆီးခံသွားသူတွေဟာ စစ်တပ်ကဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

ဖားကန့်ဒေသခံအမျိုးသားတစ်ယောက်က “သူက CDM ဆရာဝန်တစ်ယောက်ကို အလုပ်ပေးထားတယ် ကြားတယ်။ အဲ့ဒါနဲ့လည်း ဆက်စပ်နေလားပေါ့ ဖြစ်နိုင်တာတော့ စစ်တပ်ဘက်က ဖြစ်ဖို့များတယ်” လို့ ပြော ပါတယ်။

ဒေါက်တာသိန်းမြင့်ဝေကို ဖမ်းသွားသူတွေဟာ စစ်တပ်က ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေပေမယ့် ကချင်သတင်းဌာန KNG အနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ကလည်း ဖားကန့်၊ မြို့မလက်ဖက်ရည်ဆိုင် ပိုင်ရှင်ဖမ်းဆီးခံရမှု၊ ဇူလိုင်လ ၂၇ ရက်နေ့ အမိန့်ရ အပေါင်ဆိုင်ပိုင်ရှင်ရဲ့ ဇနီး ဖမ်းဆီးခံခဲ့ရတာ ရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မှာ ခိုးဆိုးလုယက်မှု၊ ဖမ်းဆီးခံရမှုတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုများ လာ နေပြီး ပြီးခဲ့တဲ့ဇူလိုင်လ တစ်လတာအတွင်းမှာ KNG ကစုစည်းထားတဲ့ အချက်လက်တွေအရ ခိုးဆိုးလုယက်မှု၊ ဖမ်းဆီးခံရမှု အကြိမ်ပေါင်း ၉ ကြိမ်ရှိခဲ့ပါတယ်။

အထက်ပါ အချက်အလက်က KNG သတင်းဌာနရဲ့ စုစည်းထားချက်သာလို့ မြေပြင်က အချက်အလက်နဲ့ ကွဲလွဲမှု ရှိနိုင်ပါတယ်။

July 9, 2026
မန္တလေး - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များ ပိတ်မိနေသည်မှာ ၁၀ ရက်မြောက်...
July 9, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ဆားမှော်ကျေးရွာရှိ KBC ဘုရားကျောင်းအတွင်းသို့ စစ်တပ် လက်အောက်ခံ...
July 8, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း KTV ဆိုင်များ၊ လောင်းကစားရုံများနှင့်...
July 8, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းရှိ ထီးချိုင့်–ကသာ လမ်းပိုင်းတချို့ ဘက်ဟိုးများဖြင့်...