တနိုင်းမှာ ထွက်လာသည့် စစ်ကြောင်း လမ်းတစ်လျှောက်ရှိ ဒေသခံများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား

တနိုင်းမှာ ထွက်လာသည့် စစ်ကြောင်း လမ်းတစ်လျှောက်ရှိ ဒေသခံများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား

ကချင်ပြည်နယ်၊ တနိုင်းမြို့ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေကနေ လမ်းတစ်လျှောက်ရှိ ရွာတွေက ဒေသခံတွေကို လူသားဒိုင်းအဖြစ် စစ်ကြောင်းနဲ့အတူ ဖမ်းဆီး ခေါ်ဆောင်တာတွေ လုပ်ဆောင် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့၊ မနက် ၅ နာရီလောက်မှာ တနိုင်းလမ်းတစ်လျှောက်ကနေ အင်အား ၈၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်းတစ်ခုက ပိန္နက်ကျေးရွာကို ရောက်ရှိလာပြီးနောက် ရွာအတွင်းက ဒေသခံ အမျိုးသား၇ ဦးကို စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွားခဲ့ပါတယ်။

အထက်ပါ စစ်ကြောင်းဟာ ပိန္နက်ကျေးရွာနဲ့ ၅ မိုင်လောက်ဝေးတဲ့ ရှင်လုံကျေးရွာအရောက်မှာ ပိန္နက်ရွာခံ ၆ ဦး ကို ပြန်လွှတ်ပေးပြီး ကျန်တစ်ဦးနဲ့အတူ ရှင်လုံရွာခံ တချို့ကိုလည်း စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်ပြီး လဂျား ဘွမ်ဘက် စစ်ကြောင်း ထွက်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရပ်သားပြည်သူတစ်ဦးက “ပိန္နက်ရွာက ယောက်ျားသား ၇ ယောက်ကို ခေါ်သွားတယ်။ ရှင်လုံကရွာကနေ ပြန် ချိန်းတယ်။ ၇ ယောက်ကနေ ၆ ယောက်တော့ ပြန်လွှတ်ပြီ။ ရှင်လုံကတော့ဘယ်လောက် ခေါ်သွားတယ်ဆိုတာ အတိအကျ မသိဘူး” လို့ မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အလားတူ ရှင်လုံ ဒေသခံတွေ အားလုံးကို ပြန်လွှတ်ပေးပြီးတဲ့နောက် လဂျားဘွမ်ရွာရောက်တဲ့အချိန် ဒေသခံ အမျိုးသား၊ အမျိုးသမီးတွေနဲ့ ကလေးတွေကိုလည်း စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွားပြီး တရုံကျေးရွာ အရောက် ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ဆိုကြပါတယ်။

“၁၁ နာရီမှာ အဲဒီစစ်ကြောင်း ရှင်လုံနဲ့ လဂျားဘွမ်ကြားမှာ မိုင်းတစ်ခေါက်ဆွဲခံရတယ်။ ဘာမှတော့ မဖြစ်ကြဘူး တဲ့” လို့ ပြည်သူတစ်ဦးက ပြောတယ်။

လက်ရှိ အဲဒီ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းဟာ လဂျားဘွမ်ကနေ ၄ မိုင်လောက်ဝေးတဲ့ တရုံကျေးရွာမှာ ရောက်ရှိနေပြီး စစ်ကြောင်း ပြန်လှည့်လာတဲ့အချိန် အိမ်တံခါးပိတ်ထားတာတွေ တွေ့ရှိရင် မီးရှို့မယ်လို့ ခြိမ်း ခြောက် ပြောဆိုထားတာတွေရှိနေတဲ့ အတွက် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းကလည်း စစ်ကောင်စီ တပ်သားတွေကနေ တနိုင်း-လီဒိုလမ်းပေါ်က နောင်းမီ၊ ဒွမ်ဘန်၊ မန်ပန်ကျေးရွာတစ်လျှောက် အရပ်သားတွေကို စစ်ကြောင်းနဲ့ အတူ ခေါ်ဆောင်သွားပြီး ပြန်လွှတ်ပေးတာတွေ ရှိခဲ့ပါတယ်။

ဓါတ်ပုံ - ပုံဟောင်းဖြစ်ပါသည်။

Most read this week

January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...
January 21, 2026
ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်အတွင်း ဖွင့်လှစ်ထားတဲ့ ခါကာဘို ဘိုးဘွားရိပ်သာမှာ ခက်ခဲပြီး...