ကဘူဒမ်းစစ်ရှောင်များ နေရပ်ပြန်နိုင်ရေး မြေနေရာဝယ်ယူရန် ငွေကြေးအခက်အခဲဖြစ်

ကဘူဒမ်းစစ်ရှောင်များ နေရပ်ပြန်နိုင်ရေး မြေနေရာဝယ်ယူရန် ငွေကြေးအခက်အခဲဖြစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာရှိတဲ့ ကဘူဒမ်း COC  စစ်ရှောင်တွေအနေနဲ့ နေရပ်ပြန်တဲ့အချိန် တစ်စု တစ်စည်းတည်း နေထိုင်နိုင်ဖို့အတွက် မြေနေရာဝယ်ယူနိုင်ရေး စီစဉ်နေပေမယ့် ငွေကြေးလုံလောက်မှု မရှိတာ ကြောင့် အခက်အခဲ ဖြစ်နေပါတယ်။

စစ်ရှောင်တဲ့ကာလမှာ အရင်က ဆောက်ထားခဲ့တဲ့ နေအိမ်ထိုင်ခင်းတွေ အသုံးပြုလို့မရတော့တာနဲ့ တချို့အိမ် တွေဆို မရှိတော့ဘူးလို့ ဆိုပါတယ်။ စစ်ရှောင်တွေဟာ နေရပ်ပြန်တဲ့အချိန် အတူတကွနေထိုင်နိုင်ဖို့ ရည်ရွယ် ချက်နဲ့ တိုင်ပင်ပြီး မြေနေရာရှာဖွေလာတာ ဖြစ်တယ်လို့ ကဘူဒမ်း စစ်ရှောင်စခန်းတာဝန်ခံက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ ဘုံပိုင်ငွေလေးက ငါးသိန်းကျော်ကျော်လောက်ပဲရှိတဲ့ အခါကျတော့ အခုဒီမြေကွက်ရဲ့ တန်ဖိုးက ဘယ်လိုမှ လက်လှမ်းမမီနိုင်တဲ့ အနေအထားရှိတယ်” လို့ စစ်ရှောင်စခန်း တာဝန်ခံက ပြောပါတယ်။

မြေနေရာရှာဖွေတဲ့အချိန် အဲဒီ တိန်ကောက်၊ ရဝမ်ကုန်းက စစ်ရှောင်တွေရဲ့ လိမ္မော်ခြံ စိုက်ခင်းတွေနဲ့ မလှမ်း မကမ်း နေရာမှာရှိတဲ့ ဦးပိုင်ပြေစာပေါက် မြေဧရိယာ ၈ ဧကကို ကာလတန်ဖိုး သိန်း ၁၅၀ နဲ့ ရောင်းချပေးမယ်လို့ ဆိုတာကြောင့် ဝယ်ယူနိုင်ဖို့ စီစဉ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီမြေနေရာဟာ စစ်ရှောင်မိသားစုတွေ နေထိုင်ဖို့ သင့်လျော်တဲ့ မြေနေရာဖြစ်တာကြောင့် ဝယ်ယူနိုင်ဖို့ စီစဉ်နေ ပေမဲ့ မြေနေရာတန်ဖိုးအတွက် ငွေကြေးမတတ်နိုင်ဘဲ အခက်အခဲရှိတာကြောင့် ရပ်နီးရပ်ဝေး ပြည်တွင်း ပြည်ပက ညီကိုမောင်နှမ မိတ်ဆွေတွေအနေနဲ့ ကူညီပေးကြဖို့လည်း တာဝန်ခံက ပြောပါတယ်။

"အခုကျွန်တော်တို့ရဲ့ လိုအပ်နေတဲ့ အတိုင်းအတာအရ စစ်ရှောင်မိသားစုအနေနဲ့ ဘယ်လိုမှ မတတ်နိုင်တဲ့ အတိုင်း အတာလေးတွေ ဖြစ်နေတော့ ဝိုင်းဝန်းပြီးတော့ မေတ္တာပြပေးကြပြဦး၊ ကူညီပေးကြပါဦးလို့ ခေါ်ဖိတ် အကူအညီ တောင်းချင်ပါတယ်” လို့ ပြောပါတယ်။

မြေနေရာဝယ်ယူဖို့ သေချာပြီဆိုရင် ရှင်းလင်းရေး လုပ်ငန်းတွေ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ သူတို့အနေနဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေ၊ လူမှုကူညီရေးအဖွဲ့တွေနဲ့ ဘာသာရေးအဖွဲ့တွေ အားလုံးကိုလည်း အသိပေး အကူ အညီတောင်းခံသွားမှာ ဖြစ်တယ်လို့လည်း  ပြောပါတယ်။

လက်ရှိ နေထိုင်နေတဲ့ ကဘူဒမ်းစစ်ရှောင်စခန်းဟာ အချိန်အတန်ကြာ မြေနေရာငှားရမ်းထားရတဲ့ အပြင် နေရပ် က စိုက်ခင်းတွေကိုလည်း သေချာလုပ်ကိုင်နိုင်ဖို့နဲ့ အခုနှစ် မတ်လအတွင်း သက်ဆိုင်ရာကလည်း စစ်ရှောင် စခန်း တွေကနေ ထွက်ခွာဖို့ ပြောဆိုတာတွေလည်း ရှိတာကြောင့် အခုလို နေရပ်ပြန်ဖို့ မြေနေရာရှာဖွေ စီစဉ်ရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

၂၀၁၇ ခုနှစ် ၊ ဇူလိုင်လ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ကဘူဒမ်းစစ်ရှောင်တွေဟာ တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာ အုပ်စု၊ တိန်ကောက်(ရဝမ်ကုန်း) ကနေ စစ်ရှောင်စခန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၁၃ ရက်နေ့ က တိမ်းရှောင်လာခဲ့ပြီး အိမ်ထောင်စု ၁၈ စု၊ လူဦးရေ ၆၁ ဦးရှိပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...