မွန်သင်ရိုးညွှန်းတမ်းအသစ်ကို ယခုပညာသင်နှစ် အတွင်း စတင်မိတ်ဆက်ပေးသွားမည်

မွန်သင်ရိုးညွှန်းတမ်းအသစ်ကို ယခုပညာသင်နှစ် အတွင်း စတင်မိတ်ဆက်ပေးသွားမည်

မွန်ပြည်သစ်ပါတီ မွန်အမျိုးသားပညာရေးဌာန အောက်ရှိ မွန်အမျိုးသား အလယ်တန်းနှင့် မူလတန်းကျောင်း အတွက် သင်ရိုးညွှန်းတမ်း အသစ်တစ်ခုကို ယခု ပညာသင်နှစ်အတွင်း စတင်မိတ်ဆက်ပေးသွားမည်ဟု မွန်အမျိုးသားပညာရေးဌာနထံမှ သိရသည်။

မွန်သင်ရိုးညွှန်းတမ်း အသစ်ကို မွန်အမျိုးသားပညာရေးဌာနနှင့် ကဏ္ဍစုံမှ မွန်စာပေအသင်းတို့ ပူးပေါင်း ရေးဆွဲ ခဲ့ပြီး ယခု ပညာသင်နှစ်အတွင်း စတင်မိတ်ဆက်ပေးသွားမည်ဟု မွန်အမျိုးသားပညာရေးဌာနမှ တာဝန်ရှိသူ နိုင်ရော့ကကောင်းက ပြောသည်။

“ဒီသင်ရိုးညွှန်းတမ်းကို ရေးဆွဲနေတာကြာပြီး။ အရင်က မွန်ဖတ်စာတစ်ဘာသာပဲ ရေးတယ်။ နောက်မှ သင်ရိုး ညွှန်းတမ်းက ကလေးတွေအတွက် အရမ်းအရေးပါတယ်ဆိုတာကို နားလည်လာတယ်။ အဲတော့ သင်းရိုးညွှန်း မူဘောင်ဆွဲတယ်။ အဲဒါကိုအခြေခံပြီးမှ ဘာအကြောင်းအရာကို ထည့်သွင်းသွားမလဲဆိုတာကို ဆွေးနွေးတယ်။ အခုတော့ မူလတန်းအတွက် ရေးဆွဲနေတာ ပြီးတော့မယ်” ဟု နိုင်ရော့ကကောင်းက ပြောသည်။

မူလတန်းအတွက် သင်ရိုးညွှန်းတမ်းကို ခေတ်နှင့်အညီ ပြင်ဆင်၊ ဖြည့်စွတ်ပြီး ရေးဆွဲရသည့်အတွက် အချိန်ယူ ရေးဆွဲရသည်ဟု သူက ဆိုသည်။

ထို့အပြင် အလယ်တန်းတွင် မွန်စာနှင့် မွန်သမိုင်းကို မွန်ဘာသာဖြင့် သင်ကြားနိုင်ရေးအတွက် ပညာရှင်များ ဖိတ် ခေါ်ဆွေးနွေးပြီး ရေးဆွဲလျက်ရှိကြောင်းလည်း နိုင်ရော့ကကောင်းက ပြောသည်။

“အလယ်တန်းအဆင့်ကိုတော့ ကျနော်တို့ အစိုးရသင်ရိုးညွှန်းအတိုင်းပဲယူတယ်။ ဒါပေမယ့် မွန်ဖတ်စာနဲ့ သမိုင်း ဘာသာကိုတော့ ကျနော်တို့ဘာသာ ကျနော်တို့ရေးဆွဲတယ်။ ၆ တန်း၊ ၇ တန်း၊ ၈ တန်း၊ ၉ တန်းအတွက် သင်ရိုး ညွှန်းတမ်း ရေးဆွဲဖို့အတွက် မူဘောင်တစ်ခုလုပ်ရတယ်။ အဲဒီမူဘောင်ကိုအခြေခံပြီးတော့ ဖတ်စာ ၂ ဘာသာကို ကျနော်တို့ရေးဆွဲသွားမယ်ပေါ့” ဟု ပြောသည်။

မွန်အမျိုးသား ပညာရေးဌာနတွင် မွန်အမျိုးသား သင်ရိုးညွှန်းတမ်း စံနှုန်းများ အညွှန်းဘောင် Curriculum Standards Framework ပြုစုရေးဆွဲခြင်းနှင့် အတူ သူငယ်တန်းမှ ပဉ္စမတန်း အထိ မူလတန်းအဆင့် ကျောင်းသင် ဘာသာရပ်များကို မွန်မိခင်ဘာသာစကားနှင့် သင်ကြားနိုင်ရေးအတွက် သင်ရိုးညွှန်းတမ်း သင်ရိုးမာတိကာများနှင့် ဖတ်စာအုပ်များ ဆရာလမ်းညွှန်များကို ဆန်းသစ်ရေးဆွဲသင်ကြားလျက်ရှိသည်။

မွန်ပြည်သစ်ပါတီကနေ ၁၉၇၂ ခုနှစ်က စတင်ခဲ့ပြီး မိခင်ဘာသာ စကားအခြေပြု သင်ကြားနေသည့် မွန်အမျိုး သား ပညာရေးဌာနအောက်တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအပြင် ၂၀၀၀ ခုနှစ် နောက်ပိုင်းတွင် ၁၀ တန်းလွန် Post Ten အတန်းအထိ ဖွင့်လှစ်ခဲ့သည်။

၂၀၂၃ ခုနှစ်မှာတော့ မွန်အမျိုးသားကောလိပ်ကိုပါ အဆင့်မြှင့် ဖွင့်လှစ်နိုင်ခဲ့ပြီး မွန်အမျိုးသားတက္ကသိုလ် Mon National University အထိ ဖွင့်လှစ်နိုင်ရန် မွန်အမျိုးသား ပညာရေးဌာနက ကြိုးပမ်းလျက်ရှိသည်။

မွန်အမျိုးသားကျောင်းများသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ကျောင်းပေါင်း ၁၄၀ ကျော်ရှိပြီး ကျောင်းဆရာ/ဆရာမ ၇၀၀ ကျော်ြဖင့် ကျောင်းသူ/ကျောင်းသားပေါင်း ၁၅၀၀၀ ကျော်တို့က တက်ရောက်သင်ကြားနေသည်ဟု မွန်အမျိုးသား ပညာရေးကော်မတီ၏ စာရင်းများအရ သိရသည်။

Most read this week

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...