ဂျိုင်းမြစ်ဒေသတွင် မူးယစ်သံသယဖြင့် DKBA ဆက်တိုက်ဖမ်းဆီးနေ

ဂျိုင်းမြစ်ဒေသတွင် မူးယစ်သံသယဖြင့် DKBA ဆက်တိုက်ဖမ်းဆီးနေ

မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု သံသယရှိသည့် ဒေသခံများကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့က ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နှင့် ၂၃ ရက်အတွင်းက ဂျိုင်းမြစ်ဒေသ၊ ခရစ်ကျောက်တန်းကျေးရွာအုပ်စု၊ မွန်လှိုင်ကျေးရွာမှ အတွင်းရေးမှူးတစ်ဦး၊ ရွာခံအမျိုးသားတစ်ဦးနှင့် ကျိုက်ခဘင်ရွာအနီးရှိ ကော့ဗီကျေးရွာမှ အမျိုးသားတစ်ဦးတို့ကို ဒေသတွင်း လှုပ်ရှားနေသည့် DKBA အဖွဲ့က နေအိမ်များအထိ လာရောက် ဖမ်းဆီး သွားခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူတို့မှာ ကျေးရွာအတွင်းရေးမှူးဖြစ်သူ နိုင်အနိုင်၊ ရွာခံ နိုင်ခင်မောင်သန်းနှင့် နိုင်အဒါတို့ ဖြစ်ကြပြီး ၎င်းတို့အား မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ဆက်စပ်နေသည်ဟု သံသယရှိသဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဂျိုင်းမြစ်ဒေသခံတစ်ဦးက ပြောသည်။

“သူတို့သုံးယောက်စလုံးက သူငယ်ချင်းတွေပဲလေ။ အဲ့ဒီအတွင်းရေးမှူးဆို နာမည်ကောင်းရှိတဲ့သူလို့ ကျနော်တို့ သိထားကြတာပါ၊ ဒါမဲ့ သူတို့က သံသယရှိလို့ ဖမ်းသွားတယ်လို့တော့ ပြောတာပဲ။ နိုင်အဒါမှာဆို ဆေး ၂ ထုပ်နဲ့ သေနတ်တစ်လက် တွေ့တယ်လို့ ကြားရတယ်။”

ပြီးခဲ့သည့် ဧပြီလက DKBA ဒေါနအနောက်ခြမ်း အမှတ် (၂)၊ ကွပ်ကဲရေးနည်းဗျူဟာ (၂) မှ မည်သူမဆို တရား မဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို လက်ဝယ်ထားရှိခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း ပြုလုပ်ပါက ပြစ်မှုထင်ရှားပါက ထောင်ဒဏ် (၃) နှစ်အထိ အပြစ်ပေးအရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုနောက်ပိုင်းမှ စတင်၍ DKBA သည် ဂျိုင်းမြစ်တစ်လျှောက်ရှိ ကျေးရွာများတွင် မူးယစ်ဆေးဝါး တိုက်ဖျက် ရေးဟု ဆိုကာ စစ်ဆေးရေးနှင့် ဖမ်းဆီးရေးလုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင်လာခဲ့ပြီး သံသယရှိသူများကို ခေါ်ယူစစ်ဆေးခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခြင်းများ လုပ်ဆောင်ခဲ့သည်။

ထို့ပြင် လွန်ခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ကော့ကရိတ်မြို့နယ်ရှိ ကမ်းနီ၊ တံတားဦးနှင့် ကော့လျှံကျေးရွာတို့မှ မူးယစ်ဆေးဝါး လက်ဝယ်ကိုင်ဆောင်ထားသည့် အမျိုးသား (၃) ဦးကို သက်သေနှင့်တကွ DKBA အဖွဲ့က တစ်ရက်တည်း ဖမ်းဆီးခဲ့သေးကြောင်း ဒေသခံတစ်ဦးက ဆက်ပြောသည်။

“ကမ်းနီရွာကဆို အလုံးရေ ၄၀၀ လောက် ဖမ်းမိသွားတယ်။ တံတားဦးတစ်ယောက်ဆို အလုံး ၈၀၀ ဝန်းကျင် လောက်၊ ကော့လျှံကတော့ ဘယ်နှစ်လုံးလဲဆိုတာ သေချာမသိဘူး။ အဲ့သုံးရွာကလည်း တစ်ဆက်တည်းပဲ။”

ယခင်က ဖမ်းဆီးခံရသူများကို ပိုင်ရပ်ကျေးရွာရှိ DKBA စခန်းတွင် ထိန်းသိမ်းထားလေ့ရှိသော်လည်း လက်ရှိ ဖမ်းဆီးခံရသူများကို မည်သည့်နေရာတွင် ဆက်လက် ထိန်းသိမ်းထားသည်ကို လွတ်လပ်သော မွန်သတင်း အေဂျင်စီအနေဖြင့် ဆက်လက်အတည်ပြုနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ကလည်း ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာတွင် မူးယစ်ဆေးဝါးသုံးစွဲနေသည့် ရွာခံလူငယ် (၄) ဦးကို DKBA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ဖမ်းဆီးထိန်းသိမ်းထားစဉ် လူငယ်တစ်ဦး သေဆုံးသည့် ဖြစ်စဉ်လည်း ရှိခဲ့ဖူးသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးပြဿနာကို ထိန်းချုပ်ရန် လိုအပ်သည်ကို လက်ခံကြသော်လည်း ဖမ်းဆီးစစ်ဆေးမှု များကို ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သင့်ကြောင်း ဒေသခံအချို့က သုံးသပ်ပြောဆိုနေကြသည်

(ပြန်/ဆက်) ဇူလိုင်လအတွင်း ပေါင်မြို့နယ်၌ စားအုန်းဆီ လာရောက် ရောင်းချပေးနေစဉ်။
August 21, 2026
မွန်ပြည်၊ ပေါင်မြို့နယ်ရှိ စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များ ကောက်ခံနေသည့် စစ်မှုထမ်းကြေးကို...
ဓာတ်ပုံ - Crd
August 20, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း စစ်အုပ်စုတပ်က အင်အား ရာနှင့်ချီ...
(ဓာတ်ပုံ - Crd)
August 20, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာရှိ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းပိုင်း၌ ယနေ့ (ဩဂုတ်လ ၂၀...
(ဓာတ်ပုံ - MSDF / Crd)
August 19, 2026
မွန်ပြည်ကာကွယ်ရေးတပ် (MSDF) အနေဖြင့် နည်းပညာအကူအညီဖြင့် ပင်လယ်ပြင်နှင့် ရေကြောင်း စစ်ဆင်ရေးများ...