နောင်ချိုမြို့ CDM ပြုလုပ်သည့် ဒု - မြို့နယ်အုပ်ချုပ်ရေးမှူး စစ်ကြောရေးတွင် သေဆုံး

နောင်ချိုမြို့ CDM ပြုလုပ်သည့် ဒု - မြို့နယ်အုပ်ချုပ်ရေးမှူး စစ်ကြောရေးတွင် သေဆုံး

သျှမ်းပြည် ကျောက်မဲခရိုင်၊ နောင်ချိုမြို့ ဒု မြို့နယ်အုပ်ချုပ်ရေးမှူးသည် CDM လုပ်ခဲ့သည့်အတွက် ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် သေဆုံးသွားသည်ဟု သျှမ်းသံတော်ဆင့်က စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လအတွင်း နောင်ချိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင်သည် ကျောက်မဲမြို့ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရပြီးနောက် သတင်းအစအနပင် မရတော့ဘဲ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပျောက်ကွယ်သွားသည့်နေ့မှ စတက်ပြီး မည်သည့် သတင်းတစ်စုံတစ်ရာမှ မရရှိဘဲ မိသားစုဝင်များနှင့် လည်း လုံဝ အဆက်အသွယ် ပျက်သွားခဲ့ကြသည်။

စစ်ကြောရေးအတွင်း ဦးဌေးလင်းအောင် သေဆုံးခဲ့သည်ကိုမူ ၎င်းမိသားစုဝင်များက ယခုနှစ် ဇူလိုင်လ ပထမ ပတ်ကိုရောက်လာမှသာ ကြားသိခဲ့ရခြင်း ဖြစ်သည်။

“သူအရင်နှစ်ကတည်းက ပျောက်သွားတာ။ သူပျောက်သွားကတည်းက ဘာသတင်းမှ မရတော့ဘူး။ အဆက် အသွယ်လည်း မရတော့ဘူး။ သူက ကျောက်မဲဘက်ကို လုပ်စရာရှိတယ်ပြောပြီး ထွက်သွားခဲ့တာ။ အဲ့နေ့ ကနေ ပြန်မလာတော့ဘူး။ နောက်မှသိလိုက်တာက သူ့ကို ကျောက်မဲ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတာတဲ့။ အဲ့ဒါနဲ့ စစ်ကြောရေးမှာ ဟိုဘက်က လက်လွန်ပြီးတော့ ဆုံးသွားပြီတဲ့။ ကျနော်တို့လည်း အခုမှ သိရတာ” ဟု နီးစပ်သူက ပြောသည်။

အဆိုပါ ဦးဌေးလင်းအောင် ပျောက်သွားသည့်နေ့မှစတင်ပြီး ၎င်း၏ မိသားစုဝင်များက ထောင်အသီးသီး နှင့် စစ်ကြောရေးတွင် လိုက်ရှာခဲ့သော်လည်း မည်သည့် သတင်းမှ မရရှိခဲ့ပေ။

ထို့နောက် ဦးဌေးလင်းအောင်၏ မိသားစုဝင်များက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ကို အကူ အညီတောင်းကာ လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

“သူပျောက်သွားတာတော့ အကုန်လိုက်စုံစမ်းတယ်။ တချို့ အဖွဲ့စည်းတွေနား အကူအညီ တောင်းပြီးတော့လည်း ရှာတယ်။ ကမ္ဘ့ာကြက်ခြေနီအသင်းတို့၊ နိုင်ငံရေး အကျဉ်းသားများကို စောင့်ရှောက်တဲ့ အဖွဲ့တွေကနေ စုံစမ်းခိုင်း တယ်။ သူ့နာမည်နဲ့က လုံးဝ မတွေ့ဘူးတဲ့။ တစ်နှစ်ကျော် ရှာမတွေ့ဘူး။ အခုချိန်မှ သူသေသွားပြီလို့ ကြား သိရ တယ်။ ဒါပေမဲ့ သူ့ ရုပ်အလောင်းကိုတော့ ပြန်မတွေ့ရသေးဘူး” ဟု မိသားစုဝင်က ပြောသည်။

လက်ရှိမှာ ဦးဌေးလင်းအောင်၏ မိသားစုဝင်များသည် ၎င်းနှင့် ပြန်လည်တွေ့ဆုံနိုင်ရန်အပြင် သေဆုံးသွားပြီ ဆိုပါကလည်း အခြေအနေအသေးစိတ်နှင့် ရုပ်အလောင်းပြန်လည်ရရှိရန် မျှော်လင့်နေကြဆဲဖြစ်သည်ဟု ဆိုကြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား (၃,၇၄၄) ဦး သေဆုံးသွားခဲ့ပြီး၊ လူဦးရေ (၁၉,၃၁၂)  က ဖမ်းဆီးခံရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကို ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဇူလိုင် ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

Most read this week

February 17, 2026
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့်...
February 16, 2026
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို...
February 14, 2026
သျှမ်းပြည် ကွတ်ခိုင်မြို့ ဈေးအနီး ဆောက်လုပ်ရေးဝင်းရှိ ကိုးကန့်တပ် MNDAA ရုံးကို တအာင်း(ပလောင်)...
February 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည့်...