ကချင်ပြည်နယ်အတွင်း မီးရထားပြန်လည်ပြေးဆွဲနိုင်ရန် စစ်ကောင်စီ စီစဉ်နေ

ကချင်ပြည်နယ်အတွင်း မီးရထားပြန်လည်ပြေးဆွဲနိုင်ရန် စစ်ကောင်စီ စီစဉ်နေ

ကချင်ပြည်နယ်အတွင်း မီးရထားပြန်လည်ပြေးဆွဲနိုင်ဖို့အတွက် လိုအပ်တာတွေကို စတင်လုပ်ဆောင်နေပြီလို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဇွန်လ ၂၄ ရက်နေ့က စက်ခေါင်းအမှတ် DF လေအိတ်ရထားတွဲ ၃ တွဲကို စက်စမ်းသပ်တဲ့သဘောနဲ့ မြစ်ကြီးနား ဘူတာရုံကနေ မြို့ပြင်(ဂိတ်နံပါတ် ၉) အထိ သွားရောက်မောင်းနှင်ခဲ့တယ်လို့ ဦးခက်ထိန်နန်က ပြောပါတယ်။

“ကားနဲ့ ကုန်ပစ္စည်းတွေတင်တော့ ဒီမှာ ကားခများတော့ ဈေးနှုန်းကြီးတယ်လေ။ ပြည်သူတွေကတော့၊ အောက် ခြေ လူတန်းစားတွေကတော့ ရထားမြန်မြန် ပြေးဆွဲပေးပါ။ ကုန်ပစ္စည်းတွေ များများတင်နိုင်အောင်၊ ကုန်ဈေးနှုန်း တွေ ကျအောင် မြန်မြန်ပြေးဆွဲပေးပါဆိုပြီးတော့ ပြည်သူတွေက တောင်းဆိုလာကြတယ်” လို့ ဦးခက်ထိန်နန်က ဆိုပါတယ်။

ရထားသံလမ်း တစ်လျှောက်မှာရှိတဲ့ မြို့၊ ကျေးရွာတွေမှာ ကားတွေ သွားရောက်တာ မရှိတဲ့အတွက် အရင်က ကုန်သွယ်စီးဆင်းမှုကို အဓိကအားထားရတဲ့ မီးရထား ပြေးဆွဲမှုတွေ ရပ်နားလိုက်တာကြောင့် ရထားပြန်လည် ပြေးဆွဲနိုင်အောင် လုပ်ဆောင်လာရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ နိုင်ငံရေးအခြေအနေ တည်ငြိမ်တာတော့ မရှိသေးပေမယ့် ကုန်စည်သယ်ဆောင်မှု လျင်မြန်စေ ရေးနဲ့ ပြည်သူတွေ သွားရေးလာရေး အဆင်ပြေအောင် ဆောင်ရွက်တာဖြစ်တာကြောင့် အနှောက်အယှက် မပေး ဖို့ မျှော်လင့်တယ်လို့လည်း ဦးခက်ထိန်နန်က ဆိုပါတယ်။

“ပြည်သူတွေ သွားတာလာတာ၊ ပြည်သူတွေ ကုန်ဈေးနှုန်းကျဆင်းဖို့အတွက် သယ်ယူပို့ဆောင်ရေး လုပ်တဲ့ မီးရထားဖြစ်တဲ့အတွက်ကြောင့်တော့ ဘယ်သူမှအနှောက်အယှက်တော့ မပေးလောက်ဘူးလို့လည်း ယုံကြည် မျှော်လင့်တာပေါ့။”

နှစ်နှစ်ကျော်အထိ ရပ်နားထားတဲ့ မီးရထားတွေနဲ့ ဘူတာရုံတွေ၊ ဝန်ထမ်းအိမ်ရာဝင်းတွေကို သန့်ရှင်းရေးလုပ်တာ တွေ၊ ပြုပြင်တာတွေနဲ့ ရထားလမ်းပိုင်းတွေကို စစ်ဆေးတာတွေကို စတင်ပြုလုပ်နေပြီလို့ မြို့ခံတွေက ဆိုပါတယ်။

ရထားပြေးဆွဲနိုင်တဲ့ လိုအပ်ချက်ပေါ်မူတည်ပြီးတော့ ဝန်ထမ်းအင်အားလည်း အဆင်သင့်ရှိတဲ့အတွက် ရထား ပြေးဆွဲလို့ရနိုင်တဲ့ နေရာ၊ ဒေသအထိပြေးဆွဲသွားဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။

ရထားစက်ခေါင်းတွေ၊ ရထားတွဲတွေအားလုံး အဆင့်သင့်ဖြစ်အောင် စီစဉ်ဆောင်ရွက်နေပေမဲ့ ဘယ်အချိန်မှာ စတင်ပြေးဆွဲနိုင်မလဲဆိုတာနဲ့ မြစ်ကြီးနားဘူတာကနေ မိုးညှင်း၊ မိုးကောင်းအထိ ဘယ်အချိန်မှာ ပြေးဆွဲနိုင်မလဲ ဆိုတာတွေကိုတော့ မပြောနိုင်သေးဘူးလို့လည်း ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ဆက်ပြောပါတယ်။

ရထားပြေးဆွဲသွားမယ့် အခြေအနေကို မြစ်ကြီးနားဘူတာက တာဝန်ရှိသူတွေကို မြစ်ကြီးနားသတင်းဂျာနယ်က ဖုန်းနဲ့ ဆက်သွယ်ခဲ့တဲ့အချိန် ဖြေဆိုပေးတာ မရှိခဲ့ပါဘူး။

စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက် မီးရထားဝန်ထမ်းအများစု အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှား မှု (CDM) မှာပါဝင်ခဲ့ကြပြီး အဲဒီနောက်ပိုင်း မီးရထားပြေးဆွဲမှုတွေကို ရပ်နားထားခဲ့တာပါ။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...