နေအိမ်မပြုပြင်နိုင်သေး၍ စစ်ဘေးရှောင်စခန်းက ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အခက်အခဲဖြစ်နေ

နေအိမ်မပြုပြင်နိုင်သေး၍ စစ်ဘေးရှောင်စခန်းက ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အခက်အခဲဖြစ်နေ

မုန်တိုင်းကြောင့်ပျက်စီးသွားသည့် ယာယီနေအိမ်များကို ပြန်လည် မပြုပြင်နိုင်သေး၍ စစ်ဘေးရှောင်စခန်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် နို့တိုက်မိခင်များမှာ နေထိုင်ရေးအခက်အခဲများရှိနေကြသည်။

အမိုးအကာ မလုံခြုံသည့်အတွက် မိုးရာသွန်းချိန်တွင် ကိုယ်ဝန်အရင့်မာကြီးနှင့် တစ်နေရာမှတစ်နေရာသို့ ပြောင်းရွှေ့နေထိုင်နေရသည်ဟု ရသေ့တောင်မြို့ပေါ်ရှိ “ရွှေပါရမီဘုန်းတော်ကြီးကျောင်း” စစ်ဘေးရှောင် စခန်းက ကိုယ်ဝန်ဆောင်အမျိုးသမီး ဒေါ်အေးအေးသန်းက ပြောသည်။

“ပြုပြင်ထားတာလည်း မခိုင်ခံ့တော့ မိုးရွာလို့ လေပြင်းတိုက်ရင် မိုးရေတွေဝင်တယ်။ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့အိမ်တွေကို သေသေချာချာမလုပ်နိုင်သေးတော့ နေထိုင်ရတာ အရမ်းခက်ခဲတယ်” ဟု ဒေါ်အေးအေးသန်းက ပြောသည်။

ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်စခန်း ၂၇ ခုနှင့် လူဦးရေ ၁၇,၀၀၀ ကျော်ရှိပြီး ထိုအထဲတွင် ကိုယ်ဝန် ဆောင်နှင့် နို့တိုက်မိခင် ၂၅၀ ကျော်ရှိကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများက ပြောသည်။

မုန်တိုင်းလွန်သည်မှာ တစ်လကျော် ကြာမြင့်လာသော်လည်း အကူအညီအထောက်အပံ့ရရှိမှုမှာ အလွန်နည်းပါး နေသေးပြီး နေအိမ်များကို ကိုယ်ထူကိုယ်ထ ပြုပြင်ရန်အတွက်လည်း ငွေကြေးအခက်အခဲများနေ၍ ဖြစ်သလို နေထိုင်နေရကြောင်း စစ်ဘေးရှောင်များက ပြောသည်။

စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့တိုက်မိခင်များမှာ အမိုအကာမလုံခြုံမှုကြောင့် မိုးရေများ စိုစွတ်ကာ ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်နေကြသည်။

ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ မွေးကင်းစကလေးမိခင် ဒေါ်ဆန်းဆန်းကျော်က “အခုမိုးအရမ်းရွာတော့ အိပ် ဖို့နေရာမရှိဘူး။ ဒီနေရာက မိုးစိုရင် နောက်တစ်နေရာကို ရွှေ့ပြီးထိုင်နေရတယ်။ မိုးရေကလည်း အရမ်းအေး တော့ ခန္ဓာကိုယ်မှာ အမြဲတမ်းရေစိုနေတော့ နေမကောင်းဖြစ်မှာကို စိုးရိမ်နေရတယ်” ဟု ပြောသည်။

ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် နို့တိုက်မိခင် ၁၃၅ ဦးရှိပြီး ယခုအချိန်ထိ နေအိမ်များကို လုံလုံခြုံခြုံမပြုပြင်နိုင်သေးကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ အဟာရပြည့်ဝသော အစားအစာများကို စားသုံးပြီး ကောင်းမွန်သော ကျန်းမာ ရေးစောင့်ရှောက်မှုအောက်တွင် နေထိုင်သင့်သော်လည်း စစ်ဘေးရှောင်စခန်းက အမျိုးသမီးများမှာ ထိုအခွင့် အရေးများကို ဆုံးရှုံးနေကြရသည်။

အလှူရှင်များထံမှ ထောက်ပံ့ပေးသည့် စားနပ်ရိက္ခာအချို့ကိုလည်း နေအိမ်ပြုပြင်ရန်အတွက် အသုံးပြုထား ကြရ၍ စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များမှာ ဖြစ်သလို စားသောက်နေကြရကြောင်း ပြော သည်။

ကျောက်တော်မြို့နယ်၊ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှ ဒေါ်မအေးခင်က “ကိုယ်ဝန်အရင့်အမာ ဖြစ်လာ တော့ နွေးနွေးထွေးထွေးနေထိုင်သင့်တယ် ဆိုပေမယ့် အခုက ဖြစ်သလို နေထိုင် နေရတယ်။ နောက်တစ်ခုက ကိုယ်ဝန်ဆောင်တွေမှာ လိုအပ်တဲ့အာဟာရတွေကိုလည်း ဝယ်မစားနိုင်ဘူး။ အဘက်ဘက်က အခက်အခဲ ကြုံ နေကြရတယ်” ဟု ပြောသည်။

စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့တိုက်မိခင်များမှာ မိုးတွင်းကာလ လုံခြုံသော အမိုးအကာ အောက်တွင် နေထိုင်နိုင်ရေးအတွက် အရေးတကြီး လိုအပ်နေလျက်ရှိသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးကျော်မြချေက “နေထိုင်ရေးကိုတော့ အမြန်ဆုံး လုံလုံခြုံခြုံဖြစ်စေချင် ပါတယ်။ မိုးရာသီ လေပြင်းတိုက်လိုက်ရင် နေအိမ်တွေလည်း ပြန်ပြီးယိုင်လဲသွားနိုင်တယ်။  ဒီမိုးတွင်းကာလ ကိုတော့ အံကြိတ်ပြီးဖြတ်ကျော်ရမှာပဲ” ဟု ပြောသည်။

ရခိုင်ပြည်တွင် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ်၊ အဆောက်အအုံ အများအပြား ပျက်စီးသွားခဲ့ပြီး ပြည်သူ တစ်သန်းနှစ်သောင်းကျော် လေဘေးဒဏ်သင့်ခဲ့ရသည်။

မုန်တိုင်းတိုက်ခတ်ခဲ့သည်မှာ တစ်လကျော်အထိ ကြာမြင့်လာပြီ ဖြစ်သော်လည်း မုန်တိုင်းသင့်ပြည်သူများမှာ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေဆဲဖြစ်ကာ ပြန်လည်တည်ဆောက်ရေးအတွက်လည်း အခက်အခဲများရှိနေကြသည်။

ပုံစာ -  မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား ၂၀၂၃ ခုနှစ်၊ မေလ ၂၀ ရက်နေ့က တွေ့ရစဉ်။

Most read this week

December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...
December 17, 2025
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့...