ချီဖွေတွင် ငွေတိုးဆန်တစ်အိတ်ကို ကျပ် ၁၆၀,၀၀၀ အထိ ဈေးမြင့်တက်

ချီဖွေတွင် ငွေတိုးဆန်တစ်အိတ်ကို ကျပ် ၁၆၀,၀၀၀ အထိ ဈေးမြင့်တက်

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်ဘက်မှာ ဆန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်နေတဲ့အတွက် ဒေသခံတွေ အခက်ကြုံ နေရပါတယ်။

ဒီနှစ်အစောပိုင်းက ရိုးရိုးငွေတိုးဆန် ၁ တင်းခွဲ တစ်အိတ်ကို ကျပ် ၁ သိန်းဝန်းကျင်လောက်နဲ့ ဝယ်စားခဲ့ကြပြီး အခုအချိန်မှာ ၁၆၀,၀၀၀( တစ်သိန်းခြောက်သောင်း) ဝန်းကျင်လောက်အထိ ထပ်မံမြင့်တက်သွားတာကြောင့် ပြည်ချင့်နဲ့သာ ဝယ်စားနေရတယ်လို့ ချီဖွေမြို့‌မှာနေထိုင်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ကိုယ်က ဆန်အိတ်ဝယ်ထားလို့လည်း မပြီးသေးဘူးလေ။ ဟင်းက ပြန်ဝယ်စားရဦးမယ်ဆိုတော့ ဆန်အိတ် တစ် အိတ်တောင်မှ တစ်သိန်းခွဲလောက် သွားတော့မှာဆိုတော့ မီးဖိုချောင်က နည်းနည်း ပြန်ခက်ခဲသွားတယ်။ ပြည် လိုက်ဝယ်ဖို့ ကျွန်မဘဝမှာ တစ်ခါမှတောင်မှ ရည်ရွယ်ပြီးတော့တောင်မှ မဝယ်စားဖူးဘူး” လို့ ဆိုပါတယ်။

ဈေးမတက်ခင်က ငွေတိုးဆန်တစ်ပြည်ကို ၂,၀၀၀ ကျပ် ဝန်းကျင်လောက်သာ ရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့  ၅,၅၀၀ ကျပ်အထိ မြင့်တက်သွားတာကြောင့် အခြေခံလက်လုပ်လက်စားတွေ အကျပ်အတည်း ဖြစ်နေရတယ် လို့ အထက်ပါဒေသခံက ဆက်လက်ပြောပါတယ်။

ချီဖွေမြို့နယ်မှာ အရင်နှစ်က ငွေတိုးဆန်တစ်အိတ်ကို ကျပ် ၆၀,၀၀၀ (ခြောက်သောင်း) ဝန်းကျင်လောက်သာ ရှိခဲ့ရာကနေ ဒီနှစ်အစောပိုင်းမှာတော့ ကျပ်တစ်သိန်းဝန်းကျင်အထိ ရောက်ရှိသွားပြီး လက်ရှိအချိန်မှာတော့ ကျပ် ၁၆၀,၀၀၀ ( တစ်သိန်းခြောက်သောင်း) ဝန်းကျင်လောက်အထိ တစ်ဖြည်းဖြည်းမြင့်တက်နေတာ ဖြစ်ပါတယ်။

အခုလို ဆန်ဈေးတက်ရတာဟာ ဒေသထွက်ဆန် မလုံလောက်တဲ့အတွက်ကြောင့်အပြင် မြစ်ကြီးနားမြို့နဲ့  ဝိုင်း မော်မြို့နယ်ဘက်မှ ဝယ်ယူရောင်းချရခြင်းကြောင့်ဖြစ်ပြီး သယ်ယူပို့ဆောင်ခတွေအပြင် ဆန်ဈေးနှုန်း အတက် အကျပေါ် မူတည်ပြီး ဈေးတက်တာတွေ ဖြစ်နေတယ်လို့ ဒေသခံနောက်တစ်ဦးက ပြောပါတယ်။

လက်ရှိအချိန် ကချင်ပြည်နယ်အတွင်းက ထွက်တဲ့ဆန်နဲ့စပါးတွေဟာ လက်ကျန်နည်းသွားပြီး စပါးဈေးတွေ ပါ တက်တာကြောင့် ဆန်ဈေးတွေပါ မြင့်တက်လာတာ ဖြစ်တယ်လို့ ကချင်ပြည်နယ် ဆန်စပါး ကုန်သည်ကြီး များအသင်း ဥက္ကဋ္ဌ ဦးချစ်လွင်က သုံးသပ်ပြောဆိုပါတယ်။

"ဆန်စက်လုပ်ငန်းရှင်တွေပေါ့နော်။ မိုးညှင်းတို့ ဟိုပင်တို့ အဲဒီတစ်ကြောကဟာတွေက ဆန်လက်ကျန် ပြတ် မှန်းသိတဲ့ အခါကျတော့ ဈေးတွေကို ဆွဲတင်တာလေ။ အဲဒါကြောင့်မလို့ ဈေးတွေက‌ ဒီလောက်ကြီးတက် သွားတာ" လို့ ဦးချစ်လွင်က ဆိုပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ကချင်ပြည်နယ်အတွင်း ဆန်သယ်ရတာ မလွယ်ကူသလို၊ အာဏာသိမ်းပြီးတဲ့နောက် ဆန်နဲ့စက်သုံးဆီ သယ်ယူခွင့်တွေကို တားဆီးပိတ်ပင်တွေကလည်း ဆန်ဈေးတက်ရ ခြင်းရဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ဖြစ်တယ်လို့ သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။

ဝေးလံခေါင်ဖျားတဲ့ ချီဖွေမြို့မှာ ဆန်ဈေးနှုန်းအပြင် အခြားအခြေခံစားသောက်ကုန်တွေပါ ဈေးနှုန်းမြင့်တက်နေ တဲ့ အတွက် ဒေသခံတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...