ငါးရစ်ငါး သန်ချိန်အတွင်း ငါးဖမ်းသူများပြားနေပြီး အရေးယူဆောင်ရွက်ခြင်းမရှိ

ငါးရစ်ငါး သန်ချိန်အတွင်း ငါးဖမ်းသူများပြားနေပြီး အရေးယူဆောင်ရွက်ခြင်းမရှိ

ငါးသားဥချတဲ့ ငါးရစ်ငါး သန်ချိန် (ငါးသားဥချိန်) ကာလမှာ မိုးညှင်းခရိုင်က အင်းတော်ကြီးကန်ထဲ စီးဝင်တဲ့ ရေလမ်းတစ် လျှောက် ငါးဖမ်းသူတွေများနေပြီး ဘယ်သူကမှ အရေးယူ ဆောင်ရွက်တာမျိုးမရှိဘူးလို့ ဒေသခံတွေက ပြော တယ်။

သက်ဆိုင်ရာ အစိုးရဌာနက ငါးရစ်ငါးသန်ချိန်အတွင်း ငါးမဖမ်းရဆိုပြီး သတ်မှတ်ထားတာတွေရှိပေမဲ့ အာဏာ သိမ်းပြီး နောက်ပိုင်းကတည်းကနေ အသုံးပြုလို့မရတဲ့ ပစ္စည်းတွေနဲ့ ငါးဖမ်းတာတွေ များလာတာဖြစ်တယ်လို့ ညောင်ပင်ကျေးရွာ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

"ဘယ်သူမှစစ်ဆေးတာမျိုးမရှိတော့ အင်းထဲစီးဝင်လာတဲ့ ရေတွေမှာ ဖမ်းတာ။ဒေသခံအများစု စိုးရိမ်တာက ကျင်စက်နဲ့ဖမ်းတာကိုပေါ့" လို့ ပြောပါတယ်။

ပိုက်တန်း အကြီး၊အသေး သုံးပြီးငါးဖမ်းတာတွေ မြင်တွေ့ရသလို ကျင်စက်အသုံးပြုပြီး ငါးဖမ်းတာမျိုးရှိရင် ငါး တွေ မျိုးမပွားနိုင်ဘဲ နောက်ပိုင်း ငါးတွေရှားပါးလာမှာကို ဒေသခံတွေ စိုးရိမ်နေတယ်လို့လည်း ညောင်ပင် ဒေသခံ က ဆက်ပြောပါတယ်။

သတ်မှတ်ထားတဲ့ ငါးဖမ်းနေရာတွေမှာလည်း ငါးရစ်ငါးသန်ချိန်အတွင်း ငါးမဖမ်းဖို့ ပြောဆိုထားတာတွေရှိပေမဲ့ ငါးဖမ်းတဲ့သူတွေက သတ်မှတ်ပိုက်ကွင်းတွေထက် ကျော်လွန်အသုံးပြုပြီးတော့ ငါးဖမ်းတာတွေ မြင်တွေ့ရတယ် လို့ လုံးတုံကျေးရွာ  ဒေသခံတစ်ဦးကလည်း အခုလိုပြောပါတယ်။

“ဥပမာ ၂၁ ကွင်းမတန်းရဆိုရင် ၂၁ ကွင်းသုံးတယ်။ ၁ လက်မ အောက်မတန်းရဆိုရင် ၁ လက်မ အောက်သုံး တယ်။ ငါးရစ်ငါးထိုင်နေရာတွေမှာ သူတို့က ပိတ်တန်းမပိတ်ရဆိုပေမဲ့ အခုက ပိတ်ပြီး ဖမ်းကြတယ်" လို့  ရှင်းပြ ပါတယ်။

ဒီနောက်ပိုင်း ကုန်ဈေးနှုန်းမြင့်တက်တာနဲ့ ငွေကြေးရှာဖွေဖို့ ခက်ခဲတာကြောင့် အခုလို အချိန်တိုင်း ငါးဖမ်းတာ တွေ များလာတာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံက သုံးသပ်ပါတယ်။

ဒါကြောင့် သက်ဆိုင်ရာအနေနဲ့ သေချာထိန်းသိမ်း အရေးယူပြီး ပြည်သူတွေအတွက် ဝင်ငွေရစေမယ့် အလုပ် အကိုင် အခွင့်အလမ်းတွေ  ဖော်ဆောင်ပေးမယ်ဆိုရင်တော့ အခုလို ကိစ္စရပ်မျိုးတွေ လျော့နည်းလာမယ်လို့ ထင်မြင်မိကြောင်းလည်း လုံးတုံဒေသခံက ဆက်ပြောပါတယ်။

"လာဘ်ပေးလာဘ်ယူ မလုပ်ဘဲ အရေးယူမယ်ဆိုရင် သေချာအရေးယူ။ အဲဒီလို အရေးယူတဲ့အချိန် သူတို့ အတွက်လည်း ပြောစရာဆွေးနွေး အသိအမြင်ဖွင့်ပြီး အလုပ်အခွင့်အလမ်းတွေ လုပ်ပေးရင်တော့ ပိုပြီးသင့် တော်မယ်လို့ ပြောချင်ပါတယ်" လို့ ဆိုပါတယ်။

ဒီငါးရစ်ငါး သန်ချိန် ကာလဟာ ဇွန်လကနေ ဩဂုတ်လ ဒုတိယပတ်ထိ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက် အရ သိရပါတယ်။ ငါးရစ်ငါးကတော့ အင်းတော်ကြီးဒေသထွက် ငါးတစ်မျိုး ဖြစ်ပါတယ်။

အာဏာမသိမ်းခင် နှစ်တွေမှာ သက်ဆိုင်ရာက အင်းတစ်ဝိုက် ကွင်းဆင်း ကင်းလှည့်ပြီး  ဖမ်းဆီး အရေးယူတာ မျိုးတွေ ရှိခဲ့ပေမဲ့ အာဏာသိမ်းနောက်မှာတော့ အဲဒီလို လုပ်ဆောင်တာတွေ မရှိတော့တဲ့အတွက် ငါးမဖမ်းရ သတ်မှတ်ထားတဲ့ နေရာတွေမှာလည်း ဖမ်းဆီးတာတွေ ရှိနေတာ ဖြစ်ပါတယ်။

Most read this week

January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...
January 21, 2026
ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်အတွင်း ဖွင့်လှစ်ထားတဲ့ ခါကာဘို ဘိုးဘွားရိပ်သာမှာ ခက်ခဲပြီး...