စစ်ဘေးရှောင် ကျောင်းသားအချို့ ကျောင်းမတက်ရသေး

စစ်ဘေးရှောင် ကျောင်းသားအချို့ ကျောင်းမတက်ရသေး

ဇွန်လတစ်ရက်နေ့မှစ၍ အခြေခံပညာ‌ကျောင်းများကို ဖွင့်လှစ်သင်ကြားနေပြီဖြစ်သော်လည်း မုန်တိုင်းသင့် စစ်ဘေးရှောင်စခန်းများတွင် စာသင်ဆောင်များ ပျက်စီးသွားသဖြင့် ကျောင်းသားအချို့မှာ ကျောင်းမတက် ရောက်နိုင်သေးကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် စစ်ဘေးရှောင်စခန်းထဲမှ စာသင်ဆောင်များကို ယနေ့အထိ မပြုပြင်နိုင်သေး သဖြင့် ကျောင်းသူ၊ ကျောင်းသားများ ပညာသင်ကြားရေးတွင် အခက်တွေ့နေ ကြခြင်းဖြစ်သည်။

မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းမှ တာဝန်ခံ ဦးစိုးနိုင်က “ကျနော်တို့က ပညာရေးဌာနမှာ သွားတင် ပြတာတော့ရှိတယ်။ တောင်းဆိုထားတာ နှစ်ပတ်လောက်ရှိပြီး၊ အခုထိ ဘာသတင်းမှ မကြားရသေးဘူး။ ပြီး တော့ နှစ်တိုင်း စာလာပြတဲ့ဆရာမတွေလည်း မရောက်လာကြသေးဘူး” ဟု ပြောသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် KG တန်းမှ စတုတ္ထတန်းအထိ တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသား ၁၀၀ ကျော်ရှိကြောင်း စခန်းတာဝန်ခံက ဆက်ပြောသည်။

အလားတူ ကျောက်တော်မြို့နယ်၊ ဝါးတောင်စစ်ဘေးရှောင်စခန်းတွင်လည်း မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့် စာသင်ဆောင်များကို ပြန်လည်မပြုပြင်နိုင်သေးသဖြင့် စခန်းထဲမှ ကျောင်းသူ၊ ကျောင်းသား ၂၅၀ ခန့်မှာ ပညာသင်ကြားရန် အခက်အခဲရှိနေကြသည်။

“ကလေးတွေ ဘယ်ချိန်မှ ကျောင်းတက်ရမယ် မသိရသေးဘူး။ ကလေးတွေပညာရေးအတွက် ရင်လေးမိ တယ်” ဟု ဝါးတောင်စစ်ဘေးရှောင်စခန်းမှ တာဝန်ခံ ဦးအောင်လှရွှေက ပြောသည်။

ကျောက်တော်မြို့နယ်၊ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှ ကျောင်းသူ၊ ကျောင်းသား ၁၀၀ ခန့် ပညာသင် ကြားနေသည့် စာသင်ကျောင်းဆောင်မှာ မုန်တိုင်းကြောင့်ပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” မုန်တိုင်းကြောင့် စစ်ဘေးရှောင်စခန်းအချို့မှ နေအိမ်များနှင့် စာသင်ဆောင်များ ပျက်စီးသွားခဲ့သည်။ လက်ရှိတွင် ကျောင်းသူ၊ ကျောင်းသားများအတွက် သင်ထောက်ကူ ပစ္စည်းများလည်း အကူအညီလိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားသည်မှာ ရက်ပေါင်း ၂၀ ခန့် ရှိနေပြီဖြစ်သော်လည်း စစ်ဘေးရှောင် စခန်းက ကျောင်းသူ၊ ကျောင်းသားများမှာ ယနေ့အထိ စာမသင်ကြားရသေးကြောင်း ကျောင်းသားမိဘများက ပြောသည်။

“တခြား နေရာတွေမှာက ကျောင်းတက်နေရပြီး ဒီမှာက ကျောင်းမတက်ရသေးဘူး။ ကျမတို့ ကလေးတွေ အခုထိ ကျောင်းမတက်ရသေးလို့ စိတ်မကောင်းဖြစ်ရပါတယ်။ ဒီမှာက ကျောင်းတက်ဖို့ ဘာမှ မလုပ်ရသေးဘူး” ဟု တောင်မင်းကုလား စစ်ဘေးရှောင်စခန်းမှ ကျောင်းသားမိဘ ဒေါ်မအေးခိုင်က ပြောသည်။

မုန်တိုင်းသင့် စစ်ဘေးရှောင်စခန်းက ကျောင်းသား၊ ကျောင်းသူများ စာမသင်ကြားရသေးသည့် ကိစ္စနှင့် ပတ် သက်၍ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဘထွီးစိန်နှင့် ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းတို့ကို DMG မှ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိသေးပေ။

“မိုခါ” မုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်းက စာသင်ကျောင်းစုစုပေါင်း ၁၅၃၈ ကျောင်း ပျက်စီးခဲ့ရပြီး ယင်း အထဲမှ ၃၇၅ ကျောင်းကို ပြုပြင်ပြီးဖြစ်ကြောင်းနှင့် ကျန်သည့် ၉၉၀ ကျောင်းကို ပြန်လည်ပြုပြင်နေကြောင်း ပြည်နယ်စစ်ကောင်စီက ဇွန်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...