မြစ်ငယ်မီးရထားစက်ရုံဆေးရုံအုပ်အသတ်ခံရမှု သရက်ခြံ လုပ်သား ၁၂ ဦးကို စစ်ကောင်စီဖမ်းဆီး

မြစ်ငယ်မီးရထားစက်ရုံဆေးရုံအုပ်အသတ်ခံရမှု သရက်ခြံ လုပ်သား ၁၂ ဦးကို စစ်ကောင်စီဖမ်းဆီး

မန္တလေးတိုင်း၊ မြစ်ငယ်မြို့ရှိ မြစ်ငယ်မီးရထားစက်ရုံဆေးရုံအုပ်ကြီး အသတ်ခံရမှုနှင့်ပတ်သက်သည်ဆိုကာ စဥ့်ကိုင်မြို့နယ်မှ သရက်ခြံ လုပ်သား ၁၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားသည်။

မြစ်ငယ် မီးရထားစက်ရုံ ဆေးရုံအုပ်ကြီး ဒေါက်တာတင်ချိုချိုကိုသည် စဥ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ရှိ ၎င်း၏ ဆေးခန်း၌ ပြီးခဲ့သည့် မေ ၁၅ ရက်နေ့ ညနေတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ စဥ့်ကိုင်မြို့နယ်မှ သရက်ခြံ လုပ်သားများဖြစ်သော ကိုဝေဖြိုးအောင်၊ ကိုကျော်စွာ ဝင်း၊ ကိုမင်းထွန်းဇော် အပါအဝင် အသက် ၁၈ နှစ်မှ အသက်၂၅ နှစ်ဝန်းကျင် အရွယ် အမျိုးသား ၁၂ ဦးကို ဇွန်လ ၁၇ ရက်နေ့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

“ဘယ်ဖမ်းသွားတယ်ဆိုတာ မသိဘူး။စစ်ကားသုံးစီးနဲ့လာဖမ်းသွားတယ်” ဟု ဒေသခံတစ်ဦးက မဇ္စျိမကို ပြော သည်။

သရက်ခြံ နှစ်ခြံမှ စုစုပေါင်း လုပ်သား ၁၂ဦးဖမ်းဆီးခံရခြင်းဟု သိရသည်။ ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင် များက စဥ့်ကိုင်မြို့နယ်ရဲစခန်းကို သွားရောက်မေးမြန်းရာ ရဲတပ်ဖွဲ့က ထိုဖြစ်စဥ်ရှိကြောင်းသာ ပြန်လည် ဖြေ ကြားခဲ့သည် ဟု ဆိုသည်။

“ဖမ်းသွားတယ်ပဲ သူ့အလုပ်ရှင်ကပြောလို့ သိရတာ။ဘာမှ အဆက်အသွယ်မရသေးဘူး။ခြံရှင်အနေနဲ့က အမှန်ကို ပြောဖို့လိုတယ်” ဟု ဖမ်းဆီးခံရသူတစ်ဦး၏ မိခင်ကပြောသည်။

ဒေါက်တာတင်ချိုချိုကို အသတ်ခံရမှုသည် ယခုဖမ်းဆီးခံထားရသော လူငယ်၁၂ဦးနှင့် မသက်ဆိုင်ကြောင်း သရက်ခြံ ပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက မှတ်ချက်ပြုသည်။

၎င်းက “အခုကိစ္စက ကလေးတွေ ဘာမှမလုပ်ဘူးဆိုပေမယ့် ကျွန်တော်တို့ အနေနဲ့ ဘာမှ မပြောရဲဘူး။ ဒါကို တော့ နားလည်ပေးကြပါ။ သူတို့အတွက် လုပ်သင့်တာတွေ လုပ်ပေးမှာပါ” ဟု ပြောသည်။

မြစ်ငယ် မီးရထားစက်ရုံ ဆေးရုံအုပ်ကြီး ဒေါက်တာတင်ချိုချိုကို သည် စစ်ကောင်စီအုပ်စုနှင့် ပုဂ္ဂိုလ်ရေးရင်းနှီးပြီး CDM ကျန်းမာရေး ဝန်ထမ်းများကို ဖိနှိပ်သူဖြစ်ကြောင်း မြို့ခံအချို့ကပြောခဲ့ဖူးသည်။

ယခုအခါ စစ်ကောင်စီတပ်သည်  စဥ့်ကိုင်၊ပလိပ်၊ကျောက်ဆည်မြို့ အနီးပတ်ဝန်းကျင်ရှိ သရက်ခြံများကို ညစဥ် နီးပါးဝင်ရောက် စစ်ဆေးနေကြောင်းသိရသည်။

ဓာတ်ပုံ - ဒေါက်တာတင်ချိုချိုကို၏ ဆေးခန်း

May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...
May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...