မော်လမြိုင်ခရိုနီ ဦးမိုးကျော် မွန်ပြည်နယ်လွှတ်တော် အကြံပေးအဖွဲ့ဝင် ဖြစ်လာ

မော်လမြိုင်ခရိုနီ ဦးမိုးကျော် မွန်ပြည်နယ်လွှတ်တော် အကြံပေးအဖွဲ့ဝင် ဖြစ်လာ

မော်လမြိုင် ငွေမိုးလုပ်ငန်းစုပိုင်ရှင် ခရိုနီ ဦးမိုးကျော်ကို မွန်ပြည်နယ်လွှတ်တော်၏ လွှတ်တော်ရေးရာ ကော်မတီများ အထောက်အကူပြု အကြံပေးကော်မတီဝင်အဖြစ် ခန့်အပ်လိုက်သည်။

အဆိုပါ ခန့်အပ်မှုသည် ပြည်သူများ ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်အတွင်းသို့ ခရိုနီတစ်ဦးအား ဆွဲသွင်းလိုက်ခြင်းဖြစ်ပြီး၊ ထိုလုပ်ရပ်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရရှိကာ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာသူ ဦးသက်ထွေးတွင် အဓိကတာဝန်ရှိကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေ သည်။

ခရိုနီ ဦးမိုးကျော်သည် ဦးသိန်းစိန်အစိုးရလက်ထက် ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် သက်တမ်းအတွင်း ကမ်းနားလမ်းတိုးချဲ့စီမံကိန်းနှင့် ပတ်သက်၍ အစိုးရထံ ပေးသွင်းရမည့် ငွေကျပ်သိန်းပေါင်းသောင်းချီ ပေးသွင်း ခြင်းမရှိသဖြင့် လွှတ်တော်မှ အကြိမ်ကြိမ် ဆင့်ခေါ်ခံခဲ့ရသူလည်း ဖြစ်သည်။

ထိုအကြံပေးကော်မတီကို ဩဂုတ် ၁၂ ရက်က ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန် အစည်း အဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေးက အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ကော်မတီဥက္ကဋ္ဌအဖြစ် ဝန်ကြီးချုပ်ဟောင်း ဦးအောင်ကြည်သိန်း၊ အတွင်းရေးမှူးအဖြစ် ကျိုက်မရောမြို့နယ် အမှတ် (၁) ကိုယ်စားလှယ် ဦးအောင်ထွဋ်တို့က တာဝန်ယူမည်ဖြစ်သည်။

ကျန်ကော်မတီဝင် ၉ ဦးတွင် မော်လမြိုင် ငွေမိုးလုပ်ငန်းစုမှ ဦးမိုးကျော်၊ နာမည်တူ ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမိုးကျော်၊ မွန်ပြည်နယ် ဂီတအစည်းအရုံး ဒုတိယဥက္ကဋ္ဌ စစ်မှုထမ်းဟောင်း ဦးမောင်မောင်ဇော်ထွန်းနှင့် တရားလွှတ်တော်ရှေ့နေ ဦးမောင်ရွှေ၊ ဦးစန်းကြည်တို့ ပါဝင်ကြသည်။

ထို့ပြင် မွန်ပြည်၏ သက်တော်ရှည် အငြိမ်းစား ပြည်နယ်ဦးစီးမှူးများဖြစ်ကြသည့် ဦးခင်အောင်သွင် (စားသုံးသူ ရေးရာ)၊ ဦးဝင်းဘို (လျှပ်စစ်အင်ဂျင်နီယာ)၊ ဦးကြည်ဝေ (ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး) နှင့် ဦးသန်းဌေး တို့လည်း ပါဝင်ဖွဲ့စည်းထားသည်။

အဆိုပါ အကြံပေးကော်မတီကို ဥပဒေမူကြမ်းများ၊ မေးခွန်းများ၊ အဆိုများနှင့် အစီရင်ခံစာများအား လွှတ်တော် ဥက္ကဋ္ဌက တာဝန်ပေးအပ်ပါက စိစစ်သုံးသပ်၍ ပြင်ဆင်ရန်လိုအပ်ချက်များကို အကြံပြုနိုင်သည်အထိ လုပ်ပိုင်ခွင့် ပေးထားသည်။

ထို့ပြင် သက်ဆိုင်ရာ ရေးရာကော်မတီ အစည်းအဝေးများသို့ တက်ရောက်၍ ဥပဒေရေးရာနှင့် အများပြည်သူ ဆိုင်ရာ ကိစ္စရပ်များတွင် ဝင်ရောက်အကြံပေး ပူးပေါင်းဆောင်ရွက်ခွင့်လည်း ရှိသည်။

ဒေသတွင်း ဝါရင့်နိုင်ငံရေးသမားတစ်ဦးက “ရှင်းရှင်းပြောရရင် ခရိုနီတွေကို လွှတ်တော်ထဲ ဆွဲထည့်တာပေါ့။ ဒီအဖွဲ့က လွှတ်တော် အိမ်ဦးခန်းမှာ နေကြဆိုတဲ့ သဘောပါ” ဟု မှတ်ချက်ပြု ဝေဖန်ထားသည်။

လက်ရှိ စစ်တပ်အသွင်ပြောင်း မွန်ပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၊ တိုင်ကြားစာကော်မတီ အပါအဝင် ကော် မတီ ၆ ခု ဖွဲ့စည်းထားပြီး အသစ်ဖွဲ့စည်းလိုက်သည့် အကြံပေးကော်မတီသည် ယင်းရေးရာကော်မတီ အားလုံးကို အကြံပေးနိုင်သည်။

နိုင်ငံတကာစံနှုန်းများအရ လွှတ်တော်အငယ်စားများဖြစ်ပြီး အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် အာဏာကို ထိန်းကျောင်းရာတွင် အလွန်အရေးပါသည့် လွှတ်တော်ရေးရာကော်မတီများအား အကြံပေးမည့်အဖွဲ့၌ ခရိုနီများ ပါဝင်နေမှုအပေါ် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များအကြား ဝေဖန်မှုများ ရှိနေသည်။

စစ်အုပ်စုတပ် လက်အောက်ခံ မွန်ပြည်နယ်အစိုးရအဖွဲ့၏ အချက်အလက်များအရ ပြည်နယ်အတွင်း တင်ဒါလုပ် ငန်း ၁၀၀ တွင် မော်လမြိုင် ငွေမိုးလုပ်ငန်းစုက အနည်းဆုံး ၂၀ ရာခိုင်နှုန်းထက်မနည်း လုပ်ပိုင်ခွင့် ရရှိထားသည်။

မွန်ပြည် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ လေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဋ္ဌဟောင်း ဦးအောင်ကျော်သူက ခရိုနီ ဦးမိုးကျော်ကို လွှတ်တော်အကြံပေးအဖွဲ့ထဲ ခန့်အပ်လိုက်ခြင်းကြောင့် ၎င်း၏ တင်ဒါလုပ်ငန်း များနှင့် စီမံကိန်းများကို လွှတ်တော်က ထိန်းကျောင်းနိုင်သည့်စွမ်းအား လျော့နည်းသွားနိုင်ကြောင်း ထောက်ပြသည်။

ခရိုနီ ဦးမိုးကျော်သည် ဝန်ကြီးချုပ်ဟောင်း ဦးအောင်ကြည်သိန်းနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည့် မော်လမြိုင် လှိုင်ရတနာမြို့သစ်စီမံကိန်းတွင်လည်း အစိုးရထံ အခွန်ငွေ သိန်းပေါင်းသောင်းချီ ပေးသွင်းခြင်းမရှိဘဲ အာဏာ ပိုင်များနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သူဖြစ်သည်။

လက်ရှိတွင် ၎င်းအား စစ်အုပ်စုလက်အောက်ခံ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အပါအဝင် ပြည်နယ်အဆင့် အခမ်းအနားများ၌ ဝန်ကြီးများနှင့် တန်းတူ ထိုင်ခုံနေရာပေး ထားသည်ကို တွေ့ရသည်။

အာဏာရှင်အစိုးရ အဆက်ဆက်တွင် လုပ်ပိုင်ခွင့်များ ရရှိခဲ့သည့် ခရိုနီ ဦးမိုးကျော်ကမူ မည်သူသည် ပြည်နယ် အတွက် မည်သို့ကောင်းကျိုးပြုကြောင်းနှင့် သူတစ်ပါး၏ ဝေဖန်မှုကို မည်သည့်အခါမျှ အရေးတယူ မလုပ် ကြောင်း အင်တာဗျူးများတွင် ထုတ်ဖော်ပြောဆိုလေ့ရှိသည်။

ဓာတ်ပုံ - သံလွင်တိုင်းမ်
August 13, 2026
မွန်ပြည်၊ ရေးမြို့နယ် မြောက်ပိုင်းဒေသတွင် စစ်အုပ်စုတပ်၏ လေကြောင်းရန်ကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ...
ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...