လာမည့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် နှစ် ရ၀ မြောက် ချင်းအမျိူးသားနေ့အခမ်းအနားကို ချင်းပြည်နယ် မြို့တော် ဟားခါးတွင် ပြည်နယ်အဆင့်အနေဖြင့် ကျင်းပသွားမည်ဟုသိရသည်။
ချင်းအမျိူးသားနေ့ကျင်းပရေးကိစ္စကို အောက်တိုဘာလ ၁၃ ရက်နေ့က ဟားခါးမြို့ လွှတ်တော်ရေးရာအစည်းအဝေးခန်းမတွင်ပြုလုပ်သော ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ချင်းပြည်နယ် လွှတ်တော်ပူးတွဲအထူး အစည်းအဝေးတွင် ဘက်ပေါင်းစုံအကျေအလည် သုံးသပ်ဆွေးနွေးပြီးနောက် လာမည့် ၂၀၁၈ ခုနှစ် ချင်းအမျိူးသားနေ့ကို ဟားခါးမြို့တွင် ကျင်းပပြုလုပ်ရန် တစ်ညီတညွတ်တည်း ရွေးချယ်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု အောက်တိုဘာ ၁၉ ရက်နေ့ထုတ်ပြန်သော ချင်းပြည်နယ်အစိုးရ၏ ကြေညာချက်တွင်ဖော်ပြထားသည်။
အစကနဦးပိုင်းတွင် ချင်းအမျိူးနေ့ကို ပလက်ဝမြို့တွင် ကျင်းပမည်ဟု သတင်းများထွက်ပေါ်ခဲ့သလို ပလက်ဝဒေသခံ ပြည်သူများကလည်း ၎င်းတို့ဒေသတွင် ကျင်းပရန် ဆန္ဒရှိကြသော်လည်း လမ်းပန်းဆက်သွယ်ရေးနှင့် တည်းခိုရေးကိစ္စ ပိုင်းတွင် အဆင်သင့်မဖြစ်သေးသည့်အတွက် ဟားခါးမြို့တွင် ကျင်းပရန်ဆွေးနွေးအတည်ပြုခဲ့ခြင်း ဖြစ်သည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။
“အစတုန်းကတော့ ပလက်ဝကတော့ စိတ်ဝင်စားကြတယ်လေ ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း အဆိုတင်တယ်လေ၊ ဒါပေမယ့် တည်းဖို့ နေဖို့ထိုင်ဖို့ အဆင်မပြေသေးဘူး ဟိုတလောက လွှတ်တော်အစည်းအဝေးပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဆွေးနွေးတော့ ဒီနှစ်ကတော့ ဘာဘဲဖြစ်ဖြစ် ပလက်ဝက အဆင်မပြေသေးဘူး သွားရေးလာရေး နေရေးထိုင်ရေးတွေအခက်အခဲတွေရှိသေးတဲ့အတွက်ကြောင့် မလုပ်သေးဘဲနဲ့ အဆင်ပြေဆုံးဖြစ်မယ့် ဟားခါးမှာလုပ်ဖို့ဖြစ်လာတာပါ၊ ပြီးခဲ့အစိုးရလက်ထက်တုန်းက မင်းတပ်မှာလုပ်တယ်၊ ဒီနှစ်မှာ ဖလမ်းမှာလုပ်တယ်၊ ခရိင်နဲ့ပြောမယ်ဆိုရင်တော့ မင်းတပ်ခရိုင်ပြီးသွားပြီ ဖလမ်းခရိုင်ပြီးသွားပြီ၊ အခုဟားခါးမှာလုပ်ရင် ဟားခါးခရိုင်ပေါ့ အဲလိုဟာမျိူးဆွေးနွေးပြီးတော့ အတည်ပြုတာပါ’’ ဟု ၀န်ကြီးကပြောသည်။
ယခုကဲ့သို့ဆုံးဖြတ်ရခြင်းသည် ပလက်ဝမြို့ဒေသခံပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တောင်းဆိုချက်ကို လျစ်လျူရှုပယ်ဖျက်ခြင်းမဟုတ်ဘဲ ပလက်ဝမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန်အတွက် အဘက်ဘက်မှ လုံလောက်သော ပြင်ဆင်ချိန်ရရှိနိုင်ရေးရည်ရွယ်ခြင်းကြောင်ဖြစ်သည်ဟု ပြည်နယ်အစိုးရ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ခူမီးသတင်းဌာနမှ အယ်ဒီတာ ကိုပီတာလွယ်လူးကတော့ ပြည်နယ်အစိုးရ၏ အကြောင်းပြချက် သည် ခိုင်လုံမှုမရှိဘူဟု ဝေဖန်ပြောဆိုသည်။
“လမ်းကောင်းမှ တည်းခိုမယ့်နေရာ လုံလောက်မှုရှိမှဘဲ လုပ်မယ်ဆိုရင်တော့ ဒီသတ်မှတ်ချက်က မခိုင်လုံဘူးလို့ ထင်တယ် တံတားပြီးမှလုပ်မယ်ဆိုရင် တံတားက နောက်နှစ်ပြီးမလား သုံးလေးနှစ်လောက်မှာတောင် မပြီးဘူးဆိုရင် ဘယ်လိုလုပ်မလဲ တည်းခိုစရာမရှိဘူးဆိုတဲ့ကိစ္စက ဖလမ်းမှာလုပ်တုန်းကလည်း ဘုရားကျောင်းတွေ ၊ ကျောင်းတွေမှာ တည်းကြတာပဲလေ၊ တကယ်လို့ ပလက်ဝမှာ မကျင်းပဘူးဆိုင် ကျင်းပလေ့မရှိတဲ့တဲ့ တခြားမြို့တွေမှာ ကျင်းပစေချင်ပါတယ်၊ ဟားခါးက ကျတော့ ခဏခဏ ကျင်းပတဲ့နေရာဆိုတော့လေ’’ ဟု ကိုပီတာကပြောသည်။







