စစ်တွေ ဒါးပိုင်မွတ်ဆလင်ရွာစျေး မီးလောင်မှု ဆိုင်ခန်း ၁၀ ကျော်ဆုံးရှုံး

စစ်တွေ ဒါးပိုင်မွတ်ဆလင်ရွာစျေး မီးလောင်မှု ဆိုင်ခန်း ၁၀ ကျော်ဆုံးရှုံး
ဒါးပိုင်ဈေး မီးလောင်ကျွမ်းမှုအခြေအနေကို ယနေ့နံနက်ပိုင်းက မြင်တွေ့ရစဉ်။
ဒါးပိုင်ဈေး မီးလောင်ကျွမ်းမှုအခြေအနေကို ယနေ့နံနက်ပိုင်းက မြင်တွေ့ရစဉ်။

စစ်တွေမြို့နယ် အနောက်ဘက် ဒါးပိုင် မွတ်ဆလင်ကျေးရွာတွင် စျေးဆိုင်တန်းမီးလောင်မှုဖြစ်ပွားပြီး စျေးဆိုင် ခန်း ၁၂ ခန်း မီးလောင်သွားကြောင်း ဆိုင်ပိုင်ရှင်များက ပြောသည်။

ဇွန်လ ၁၂ ရက်နေ့ ည ၉ နာရီခန့်က ဒါးပိုင်စျေးရှိ ထင်းနှင့်မီးသွေးရောင်းသည့် ဆိုင်ခန်းတစ်ခု၏ မိုးဖိုချောင်မှ ပေါ့ဆမီးကြောင့် မီးလောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်က ဆိုင်ပိတ်ပြီးတော့ ၇ နာရီမှာ အိမ်ကို ထမင်းစားဖို့သွားပါတယ်။ ထမင်းစားပြီးတော့ ကျနော်တို့ ဆိုင် ဘေးက ဆိုင်မှာ မီးဖိုချောင်က မီးလောင်တယ်လို့ သိရတယ်။ ကျနော် ဆိုင်ကိုသွားကြည့်တယ်။ ဆိုင်ကို ရောက် တော့ အထဲတောင်ဝင်လို့ မရလိုက်တော့ဘူး။ အကုန်လုံးပါသွားတာ” ဟု ဈေးဆိုင်ပိုင်ရှင် ဦးရွှေဝင်းက ပြော သည်။

မီးစတင်လောင်ကျွမ်းသောဆိုင်ခန်းနှင့် တစ်ဆက်တည်းဖြစ်နေသော ကုန်စုံဆိုင်၊ ကွမ်းယာဆိုင် အပါအဝင် အခြားဆိုင်ခန်း ၁၂ ခန်းမှာ မီးလောင်ပြာကျသွားခဲ့ရသည်။

မီးလောင်မှုဖြစ်စဉ်ကြောင့် လူထိခိုက်မှုမရှိသော်လည်း ဆိုင်ခန်းများ၏ မီးလောင်ဆုံးရှုံးမှု စုစုပေါင်းတန်ဖိုးမှာ ခန့်မှန်းခြေ ငွေကျပ်သိန်း ၂ ထောင်ခန့်ရှိကြောင်း ဒါးပိုင်ကျေးရွာမှ မွတ်ဆလင် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဈေးထဲမှာ ဆိုင်တွေပိတ်ပြီးတော့ ထမင်းစားဖို့ပြန်သွားကြတဲ့အချိန်မှာ လောင်တာပါ။ လူတွေ ထိခိုက်ဒဏ်ရာရ တာတော့ မရှိပါဘူး။ ဆုံးရှုံးမှုတန်ဖိုးကတော့ ကျပ်သိန်း (၂) ထောင်လောက် ရှိမယ်ထင်ပါတယ်” ဟု ၎င်းကပြော သည်။

ရခိုင်ပြည်နယ်မီးသတ်ဦးစီဌာနကလည်း မီးလောင်မှုကြောင့် လူနေအိမ်တစ်လုံးနှင့် ဈေးဆိုင်ခန်း (၁၀) ခန်း မီးလောင်ဆုံးရှုံးခဲ့ပြီး ဆိုင်ခန်းအတွင်း ဖယောင်းတိုင်မီး ထွန်းညှိထားခဲ့ရာမှ ဝါးထရံသို့ မီးကူးစက် လောင်ကျွမ်း ခဲ့ခြင်းဟု ထုတ်ပြန်ထားသည်။

မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်အင်အား (၄၀) နှင့် မီးငြိမ်းသတ်ယာဉ် (၂) စီး၊ ရေသယ် ယာဉ် (၂)စီး၊ အုပ်ချုပ်မှုယာဉ် (၁) စီးတို့ ပါဝင်ငြိမ်းသတ်ခဲ့ရာ ည ၁၁ နာရီကျော်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ပြည်နယ် မီးသတ်က ဆိုသည်။

မီးလောင်မှုကြောင့် လူထိခိုက်မှု တစ်စုံတစ်ရာမရှိသော်လည်း မီးဘေးဒုက္ခသည် စုစုပေါင်း (၅) ဦးမှာ နီးစပ်ရာ ဆွေမျိုးများ အိမ်တွင် ယာယီနေထိုင်လျက်ရှိကြောင်း မီးသတ်ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Most read this week

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...