မူဆယ်မြို့နယ်အတွင်း အငှား၊ အိမ်ခန်း နှင့် ဆိုင်ခန်းများကိုပါ TNLA ဆက်ကြေး လာကောက်

မူဆယ်မြို့နယ်အတွင်း အငှား၊ အိမ်ခန်း နှင့် ဆိုင်ခန်းများကိုပါ TNLA ဆက်ကြေး လာကောက်
ဆက်ကြေးတောင်းခံသည့် ကဒ်ပြား
ဆက်ကြေးတောင်းခံသည့် ကဒ်ပြား

သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်အတွင်းရှိ အငှားအိမ်ခန်း နှင့် ဆိုင်ခန်းများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က အခွန် (ဆက်ကြေး) လာရောက်ကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန် ၁၀ ရက်နေ့တွင် မူဆယ်မြို့ရှိ ကောင်းမူးတုံရပ်ကွက်၊ ဟိုနားရပ်ကွက် နှင့် တောင်ရပ်ကွက် စသည့် ရပ်ကွက်အတွင်းသို့ TNLA  စစ်သားများ ဝင်ရောက်လာပြီး လိပ်စာကဒ်များ ပေးဝေကာ ပြည်သူများ အခွန်ပေး ဆောင်ရန် ညွှန်ကြား ပြောဆိုခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အိမ်ငှားတိုက်ခန်းတွေ၊ ပြီးတော့ ဆိုင်ခန်းတွေကိုလည်း ဆက်ကြေးပေးဖို့ လိပ်စာကဒ်ဝေသွားတယ်။ ဆောက်   လက်စ တစ်ထပ်အိမ်ဆိုရင် ၅ သိန်းကျပ်၊ နှစ်ထပ်ဆိုရင် ၁၀ သိန်းကျပ် အဲ့လို ဆက်ကြေးကောက်တာ။ အခုက အိမ်ငှားတွေကိုပါ တောင်းတယ်ဆိုတော့ တော်တော်ကိုလွန်လာပြီ” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်သည် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ နိုင်ငံရေး ရှုပ်ထွေးမှုကြောင့် ပြည်သူလူထုများ စားဝတ် နေရေးအတွက် အခက်အခဲရှိနေစဥ် TNLA  တပ်ဖွဲ့မှ ယခုလို ဆက်ကြေးထပ်မံ ကောက်ယူသည့် အတွက် ပြည်သူ များကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည့်အကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် လက်ရှိ ဆက်ကြေးတောင်း ကောက်ယူသည့် အိမ်ငှား၊ အခန်းငှား၊ ဆိုင်ခန်းငှားများသည် ပထမဆုံး ဖြစ်နေကြောင်းလည်း အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“အရင်တုန်းကတော့ ဈေးဆိုင်တွေ၊ စီးပွားရေးသမားတွေကို ဆက်ကြေးပေးခိုင်းတာတော့ ရှိပါတယ်။ အခုလို မျိုး အိမ်ငှား၊ အခန်းငှားတွေကို ကောက်တာ မရှိဖူးဘူး။ ဒါက ပထမဆုံး အကြိမ် ဖြစ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခြေခံ လူတန်းစားတွေအတွက်တော့ ခံရတာများပါတယ်” ဟု အထက်ပါ ဒေသခံ အမျိုးသားက သျှမ်းသံတော် ဆင့်ကို ပြောသည်။

ဆက်ကြေးပေးဆောင်ရန် TNLA တပ်ဖွဲ့မှ ဆက်ကြေးပေးရန် လာရောက်ပေးဝေသည့် လိပ်စာကဒ်တွင် TNLA တံဆိပ် နှင့် အတူ တအာင်းစာများ၊ Revenue Department ဆိုသည့် အင်္ဂလိပ်စာတန်း နှင့် ဖုန်းနံပါတ်များလည်း ပါရှိနေသည်။

ယင်းကဲ့သို့ အခွန်ကောက် ဆက်ကြေးတောင်းခြင်း ကိစ္စနှင့် ပတ်သက်ပြီး လိပ်စာကဒ်ပါ ဖုန်းနံပါတ်ကို သျှမ်းသံ တော်ဆင့်မှ ဆက်သွယ်ရာ အခွန် ဆက်ကြေးပေးဆောင်ရန် အတွက် လိပ်စာကဒ်ပေးဝေခြင်း ဟုတ်မှန်ကြောင်း ဆိုသည်။

“ဟုတ်ပါတယ်။ ကျနော်တို့ တပ်ဖွဲ့က ပေးဝေတာ ဖြစ်ပါတယ်။ ဒီလိုလိပ်စာပေးဝေပြီး အခွန်ဆောင်ဖို့က ကြာခဲ့ ပါပြီလေ” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီမှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် TNLA တပ်ဖွဲ့သည် သျှမ်းပြည် မြောက်ပိုင်း တစ် လျှောက် လှုပ်ရှားမှုများ ပိုမိုများပြားလာပြီး အခွန်တိုးကောက်မှုတွေလည်း ယခင်နှစ်တွေထက် ပိုမိုများပြားလာ ကြောင်း ဒေသခံများကပြောသည်။

PSLF/TNLA သည် မြန်မာစစ်တပ် နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ် (NCA) တွင် ပါဝင် လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း မြောက်ပိုင်းမဟာမိတ်များ နည်းတူ တရုတ်ကိုယ်စားလှယ် နှင့် ယခုနှစ်အတွင်း တွေ့ဆုံဆွေးနွေးမှု ၂ ကြိမ်ထက်မနည်း ရှိခဲ့သည်။

ယင်းကဲ့သို့ တရုတ်အထူးကိုယ်စားလှယ် နှင့် တွေ့ဆုံဆွေးနွေးမှု အပြီး စစ်ကောင်စီ နှင့် TNLA တပ်ဖွဲ့ကြား ထိတွေ့ တိုက်ပွဲများလည်း နည်းလာသည်။

ပုံ - ဆက်ကြေးတောင်းခံသည့် ကဒ်ပြား

Most read this week

December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...