မိုးနဲတွင် ဒေသခံအမျိုးသားတစ်ဦး စစ်တပ်၏ ဖမ်းဆီးခြင်းခံရပြီး အဆက်အသွယ်ပြတ်တောက်နေ

မိုးနဲတွင် ဒေသခံအမျိုးသားတစ်ဦး စစ်တပ်၏ ဖမ်းဆီးခြင်းခံရပြီး အဆက်အသွယ်ပြတ်တောက်နေ
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် မိုးနဲဒေသခံ စိုင်းမိန်း (ခေါ်) စိုင်းလင်း။ / Crd)
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် မိုးနဲဒေသခံ စိုင်းမိန်း (ခေါ်) စိုင်းလင်း။ / Crd)

သျှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့တွင် ဒေသခံအမျိုးသားတစ်ဦး စစ်မှုထမ်းရန်အတွက် စစ်အုပ်စုတပ်၏ ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရပြီးနောက် ၁၈ ရက်ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ် မရသေးကြောင်း ဒေသခံ များက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက် နံနက် ၉ နာရီခန့်တွင် မိုးနဲမြို့၊ လွယ်ပြေရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ် စိုင်းမိန်း (ခေါ်) စိုင်းလင်းသည် မှိုရှာရန်အိမ်မှ ထွက်ခွာသွားခဲ့သည်။

ထို့နောက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက ၎င်း၏နေအိမ်သို့ ရောက်ရှိလာပြီး မှတ်ပုံတင်နှင့် စမတ်ကတ်ကို ယူဆောင်သွားကာ စိုင်းမိန်းသည် စစ်မှုထမ်းရန် အကျုံးဝင်သဖြင့် စစ်အုပ်စုတပ်က ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း မိသားစုဝင်များကို ပြောဆိုခဲ့သည်။

မိသားစုဝင်တစ်ဦးက “စစ်မှုထမ်းဖို့ အကျုံးဝင်တယ်ဆိုပြီး လမ်းမှာ ဖမ်းသွားတာ။ အိမ်ကလူတွေကို စာလည်း မပို့၊ ဘာမှလည်း အကြောင်းမကြားဘဲ ဒီတိုင်း လမ်းမှာဖမ်းသွားတာ” ဟု ပြောသည်။

စိုင်းမိန်းသည် နေ့စားအလုပ် လုပ်ကိုင်သူဖြစ်ပြီး မိသားစုကို ရှာဖွေကျွေးမွေးနေသည့် အဓိကဒေါက်တိုင်လည်း ဖြစ်သည်။ ထို့အပြင် အသက် ၂ နှစ်အရွယ် ကလေးတစ်ဦးနှင့် နှလုံးရောဂါ ခံစားနေရသည့် အသက် ၆၇ နှစ် အရွယ် မိခင်ကိုလည်း ပြုစုစောင့်ရှောက်နေရသူ ဖြစ်သည်။

၎င်း ဖမ်းဆီးခံရသည်မှာ ယခုအခါ ၁၈ ရက်ကြာမြင့်ပြီဖြစ်သော်လည်း မည်သည့်အာဏာပိုင်အဖွဲ့ထံမှမျှ အတည်ပြုချက် မရရှိသေးဘဲ အဆက်အသွယ်လည်း ပြတ်တောက်နေသဖြင့် မိသားစုဝင်များ စိုးရိမ်နေကြသည်။

“ကျေးရွာနဲ့ မြို့ပေါ်မှာရှိတဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ကျနော်တို့ သွားတွေ့ပေမယ့်လည်း ကျနော်တို့ကို အတွေ့မခံဘူး။ ဒီနေ့ထိ ကျနော်တို့ စိုင်းမိန်းကို အဆက်အသွယ်မရသေးဘူး။ သူသေနေလား၊ ရှင်နေလားလည်း မသိရဘူး” ဟု မိသားစုဝင်တစ်ဦးက ဆက်ပြောသည်။

မိုးနဲမြို့တွင် ယခုဖြစ်စဉ်မတိုင်မီကလည်း စစ်မှုထမ်းရန်အတွက် လူငယ်များကို စစ်အုပ်စုတပ်က လိုက်လံ ဖမ်းဆီးမှုများ ရှိနေပြီး ပြန်လည်ရွေးထုတ်လိုပါက တစ်ဦးလျှင် ကျပ်သိန်း ၃၀၀ မှ ၄၀၀ အထိ စစ်အုပ်စုထံ ပေးဆောင်ရကြောင်း ဒေသခံများက ဆိုသည်။

ထို့ပြင် စစ်မှုထမ်းဥပဒေကို စစ်အုပ်စုက အသက်သွင်းပြီးနောက်ပိုင်း မိုးနဲမြို့တွင် စစ်မှုထမ်းကြေးဟုဆိုကာ တစ်လလျှင် ကျပ် ၂၀,၀၀၀ မှ ၅၀,၀၀၀ အထိ ကောက်ခံနေသော်လည်း မိမိတို့၏ လုံခြုံရေးအတွက် အာမခံချက် မရှိသဖြင့် စိုးရိမ်နေကြရသည်။

စစ်မှုထမ်းဥပဒေအရ အမျိုးသားများကို အသက် ၁၈ နှစ်မှ ၃၅ နှစ်မပြည့်မီအထိ၊ အမျိုးသမီးများကို အသက် ၁၈ နှစ်မှ ၂၇ နှစ်အထိ စစ်မှုထမ်းရန် သတ်မှတ်ထားခြင်းဖြစ်သည်။ စစ်မှုထမ်းသင်တန်းကို တစ်ပတ်လျှင် သင်တန်း သား ၅,၀၀၀ ခန့်ဖြင့် ဖွင့်လှစ်နေပြီး ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ အပတ်စဉ် ၂၈ ကြိမ်အထိ ဖွင့်လှစ်ခဲ့ရာ နှစ်နှစ်ကျော်ကာလအတွင်း စစ်သားသစ် ၁၄၀,၀၀၀ ခန့် စုဆောင်းခဲ့ပြီးဖြစ်သည်။

စစ်မြေပြင်တွင် ထိခိုက်ကျဆုံးမှု များပြားနေသည့် စစ်အုပ်စုတပ်သည် စစ်မှုထမ်းအင်အား လိုအပ်ချက်ကြောင့် ယခင်က နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရသည့် စစ်သင်တန်းကျောင်းအချို့ကို ပြန်လည်ဖွင့်လှစ်ကာ သင်တန်းသားများ ထပ်မံလက်ခံ လေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

MDSI ၏ ထုတ်ပြန်ချက်အရ စစ်မှုထမ်းအမှတ်စဉ် ၂၇ မှစတင်ကာ ကလေးမြို့အခြေစိုက် တပ်မတော်တန်းမြင့် သင်တန်းကျောင်း (တတက) အမှတ် ၁၀ နှင့် သပိတ်ကျင်းမြို့နယ်အခြေစိုက် တတက အမှတ် ၁၃ တို့တွင် သင် တန်းသားများ ပြန်လည်လက်ခံခဲ့ပြီး လက်ရှိတွင် စစ်မှုထမ်းသင်တန်းကျောင်း ၂၇ ခုအနက် ၂၄ ခု၌ သင်တန်းသား များကို ပုံမှန်လက်ခံ လေ့ကျင့်ပေးလျက်ရှိသည်။

September 21, 2026
-  ရခိုင် စစ်တွေစစ်မျက်နှာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စု တပ်စခန်းတချို့...
စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...