မိုင်းလားဆွေးနွေးမှု နောက်ပိုင်း စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ တိုက်ပွဲ ပြင်းထန်လာ

မိုင်းလားဆွေးနွေးမှု နောက်ပိုင်း စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ တိုက်ပွဲ ပြင်းထန်လာ

တရုတ်နိုင်ငံ သက်ဆိုင်ရာ အစိုးရ၏ ကြားဝင် တိုက်တွန်းမှုကြောင့် ဖြစ်ပွားရသည့် ဆွေးနွေးမှု နောက်ပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား ထိတွေ့တိုက်ပွဲ ပြင်းထန်လာနေသည်။

တရုတ်နိုင်ငံ အစိုးရ၏ ကြားဝင်ပေးမှုကြောင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့  ညီနောင်မဟာမိတ် (၃) ဖွဲ့ နှင့် စစ်ကောင်စီ လက်အောက်ခံ အမျိုးသား စည်းလုံးညီညွှတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော် မတီ NSPNC တို့ ဆွေးနွေးမှု အပြီး တိုက်ပွဲ ပြင်းထန်လာခြင်း ဖြစ်သည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့၏ တပ်ဖွဲ့ဝင် ကိုးကန့်တပ်ဖွဲ့ MNDAA ကို စစ်ကောင်စီမှ ထိုးစစ်ဆင် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း တပ်ဖွဲ့၏ ပြန်ကြာရေး တာဝန်ခံအဖွဲ့ဝင် ဦးရန်ရန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခု ရက်ပိုင်းအတွင်းမှာ ကျနော်တို့က တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်။ တချို့နေ့တွေဆို တိုက် ပွဲ သုံး လေးနေရာ ဖြစ်ပွားတာလည်း ရှိနေပါတယ်။ မြေပြင် အခြေအနေအရ စစ်ကောင်စီက ကျနော်တို့ နယ် မြေထဲကို ကျူးကျော်ဝင်ရောက်လာပြီးတော့ တိုက်ခိုက်မှုတွေ ပြုလုပ်လို့ အခုလို တိုက်ပွဲတွေ ဖြစ်ရတာ” ဟု ဦးရန်ရန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ညီနောင်မဟာမိတ်တပ်ဖွဲ့ (၃) ဖွဲ့ နှင့် NSPNC တို့၏ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုသည် ဇွန်လ (၁) ရက်နေ့ မှ (၂) ရက်နေ့အထိ သျှမ်းပြည် အထူးဒေသ (၂) မိုင်းလားမြို့ ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ရှိနေသည့် ဇွန်လ (၂) ရက်မှာပင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ကိုးကန့်တပ်ဖွဲ့ကို ထိုးစစ်ဆင်မှု စတင်ခဲ့ပြီး ဇွန်လ (၅) ရက်နေ့အထိ ၄ ရက်ဆက်တိုက် တိုက်ခိုက်မှု ပြုလုပ်ခဲ့ ကြောင်းလည်း ကိုးကန့်တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံ အဖွဲ့ဝင် ဦးရန်ရန်က ဆက်ပြောသည်။

“၂ ရက် ကနေ ၅ ရက် အထိ စစ်ကောင်စီက ကျနော်တို့ကို ရက်ဆက်တိုက် ထိုးစစ်တိုက်ခိုက်မှု ပြုခဲ့တယ်။ ၅ ရက်မှာ တိုက်ပွဲပေါင်း ၃ နေရာ ဖြစ်တယ်။ စစ်ကောင်စီ နဲ့ ကိုးကန့် တပ်ဖွဲ့ကြား စစ်ရေးတင်းမာမှုကတော့ ၂၀၁၅ ခုနှစ် အချိန်ကနေ အခုချိန်ထိ ဖြေလျှော့သွားတာ မရှိခဲ့ပါဘူး။ တချိန်လုံး တင်းမာလာတာပဲ ရှိတယ်” ဟု ဦးရန်ရန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ၄ ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲ အတွင်းတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ၂၀ ကျော် ရှိသည့် အကြောင်း နှင့် ကိုးကန့်တပ်ဖွဲ့ဘက်မှ MNDAA ဘက်မှ တစ်ဦးကျဆုံး၊  တစ်ဦး ဒဏ်ရာရ သွားသည်ဟု တာဝန် ရှိသူက ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့သည် တစ်နှစ်ကြာ အပစ်ရပ်ထားကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း လက်ရှိ အချိန် ထိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို ထိုးစစ်ဆင်တိုက်ခိုက်မှု ရှိနေဆဲ ဖြစ်သည်။

August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...
August 19, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်အုပ်စုတပ်နှင့် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍...
August 19, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စုတွင် အထိုင်ချ တပ်စွဲထားသည့်...