ဆီဆိုင်မြို့နယ် စစ်ရှောင်များ စားနပ်ရိက္ခာ စတင်ပြတ်လပ်မှု ရင်ဆိုင်နေရ

ဆီဆိုင်မြို့နယ် စစ်ရှောင်များ စားနပ်ရိက္ခာ စတင်ပြတ်လပ်မှု ရင်ဆိုင်နေရ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များသည် အလှူရှင်များထံမှ ကူညီထောက်ပံ့ မှုများ မရရှိတော့သဖြင့် စားနပ်ရိက္ခာများ စတင်ပြတ်လပ်မှု ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် မတ်လဆန်းပိုင်းမှစ၍ ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များသည် ဒေသခံများထံမှ ကူညီ ထောက်ပံ့မှုများ အပါအဝင် NGO၊ INGO များထံမှ စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုကြောင့် တစ်လစာသာရရှိထား သည်ဟု ကူညီပေးနေသူများက ပြောသည်။

မတ်လကုန်ပိုင်းမှစတင်ပြီး ပုံမှန်လစဉ် ကူညီထောက်ပံ့ပေးနေသည့် အလှူရှင်များထံမှ ထောက်ပံ့မှုများ ရပ်တန့် သွားသောကြောင့် ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ နေထိုင်ရာ Camp-စခန်း၊ ဘုန်းကြီးကျောင်း နှင့် ကျေးရွာမှ နေအိမ် စုစုပေါင်း နေရာ (၄၀) ကျော်ရှိ စစ်ရှောင်များသည် စားနပ်ရိက္ခာပြတ်လပ်မှုများ စတင် ရင်ဆိုင်ကြုံတွေ့ နေရပြီဟု စစ်ရှောင်များကို ကူညီနေသည့် ကော်မတီဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြော သည်။

“သင်္ကြန်မတိုင်ခင်ကတည်းက ဝေထားတယ်။ သင်္ကြန်ပြီး အခုချိန်ထိ မဝေရသေးဘူး။ အခုဆို စားနပ်ရိက္ခာပြတ် တာတော့ ၁ လကျော်၊ ၂ လ နီးပါးရှိနေပြီ။ စားနပ်ရိက္ခာပြတ်တာတော့ အလှူရှင်မရတာပေါ့။ တချို့ NGO တွေ က သူတို့ ပရောဂျက် ကုန်သွားတာ။ တချို့ကျတော့လည်း ဒီဖက်က စီမံကိန်းကုန်သွားပြီလို့လည်း ပြောတယ်။ သူတို့လည်း တစ်နှစ်အတွက် ဘယ်နှစ်ကြိမ် ဝေရမယ်ဆိုတာ ရှိရင်ရှိကောင်းမှာပေါ့။ ကျနော်တို့လည်း သေချာ မသိဘူး“ ဟု ပြောသည်။

ဆီဆိုင်မြို့နယ်တွင် စစ်ရှောင်များ နေထိုင်ရာဒေသ နေရာ စုစုပေါင်း (၄၀) ကျော်ရှိပြီး စစ်ရှောင်ဦးရေ စုစုပေါင်း (၈) ထောင့်လေးရာကျော် တိုးလာသဖြင့် စားနပ်ရိက္ခာ ပြတ်လပ်မှုကို စစ်ရှောင်စခန်းနီးပါးတိုင်းက ကြုံတွေ့ နေကြရခြင်း ဖြစ်သည်။

အလားတူ ဆီဆိုင်မြို့နှင့် အလှမ်းဝေးပြီး သွားလာရန် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသည့် အောင်ကလပ်၊ စလောင်းထောင် စသည့် ကျေးလက်ဒေသမှ စစ်ဘေးရှောင်စခန်းရှိ စစ်ရှောင်များသည် စားနပ်ရိက္ခာ ပြတ် လပ်မှုနှင့် ကြုံတွေ့နေကြရသည်ဟု စစ်ဘေးရှောင် ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တချို့လည်း စားစရာမရှိလို့ ဆန်ပြုတ်သောက်နေရတာ၊ ဟင်းသီးဟင်းရွက်ပဲ စားနေတာ ကြုံနေတယ်။ သူတို့ နေရာက မြို့နဲ့ဝေးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာ ရောက်နေလို့လေ။ အဲ့ဖက်က အလှူရှင် သိပ် မရောက်ဘူး။ အဲ့နေရာက စလောင်းထောင်၊ အောင်ကလပ်ရွာနားက စစ်ရှောင်တွေရှိတယ် “ ဟု ကူညီပေးနေသူ ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၇ ရက်နေ့တွင် ဆီဆိုင်မြို့နယ်ရှိ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ရန် လာသည့် အာဆီယံ ယာဉ်တန်း ပစ်ခတ်ခံရမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ပြည်တွင်း အလှူရှင်များသည် စစ်ရှောင်များကို သွားရောက် ကူညီထောက်ပံ့ရန် ကြောက်လှန့်နေကြသည်ဟု ဆိုသည်။

ကူညီပေးနေသူ ဒေသခံ အမျိုးသားက “စားနပ်ရိက္ခာက ဒီထက်ပြတ်လပ်သွားရင်တော့ ကျနော်တို့ စစ်ရှောင်တွေ အတွက် လုံးဝ စားစရာမရှိတော့ဘူး။ နောက်ဆုံး ခိုးတဲ့အဆင့်ထိ၊ ဓားပြတိုက်တဲ့အဆင့်ထိ ဖြစ်သွားနိုင်တယ်“ ဟု ဆက်ပြောသည်။

လက်ရှိ သျှမ်း - ကယားနယ်စပ်ဒေသရှိ စစ်ရှောင်များသည် နေ့စားအလုပ်များ မရှိသည့်အပြင် ကိုယ်တိုင် စိုက် ပျိုးရန် တောင်ယာများလည်း မရှိခဲ့သဖြင့် ယခုကဲ့သို့ အလှူရှင် ပြတ်လပ်သည့်ကာလ၌ စားဝတ်နေရေးသည် ပိုပြီး ခက်ခဲလာနေခြင်းဖြစ်သည်ဟု စစ်ရှောင်များနှင့် ၎င်းတို့အား ကူညီပေးနေသူများက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေသည့် လူဦးရေ ၂.၁ သန်းအတွက် နှစ်ကုန် အထိ အမေရိကန် ဒေါ်လာသန်း ၆၀ လှူရန် WFP ကမေတ္တာရပ်ခံထားသည်။

အဆိုပါ ရန်ပုံငွေများ မရရှိပါက WFP ၏ အစီအစဉ်များသည် ယခုနှစ် သြဂုတ်လတွင် ရပ်တန့်ရမည်ဖြစ်ကြောင်း သိရသည်။

Most read this week

ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...
August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...