မိုင်းကိုင်မြို့နယ် အမျိုးသားတစ်ဦးကို SSPP/SSA တပ်ဖွဲ့က ပစ်သတ်ခဲ့ပြီး လျော်ကြေးငွေပေး

မိုင်းကိုင်မြို့နယ် အမျိုးသားတစ်ဦးကို SSPP/SSA တပ်ဖွဲ့က ပစ်သတ်ခဲ့ပြီး လျော်ကြေးငွေပေး

သျှမ်းပြည်၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ လွယ်ယန်းကျေးရွာက ဒေသခံ အမျိုးသားတစ်ဦးကို SSPP/SSA က သတ်ဖြတ်ခဲ့ပြီး လျော်ကြေးငွေ ပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင် လွယ်ယန်းကျေးရွာ နေထိုင်သည့် အသက် (၅၀) အရွယ် ဦးပေါ်ထွေး တောထဲ ကျွဲသွားကျောင်းစဥ် SSPP/SSA တပ်သားများ နှင့် တွေ့ဆုံခဲ့ပြီး ထွက်ပြေးသည့်အတွက်ကြောင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ကျည်ထိမှန် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး သီဟရာဇာက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဗိုလ်ကြီး သီဟရာဇာက “ဖြစ်စဉ်က သူသွားလာနေတဲ့ နေရာမှာ ဗုံးပေါက်ကွဲတယ်။ ဗုံးပေါက်ကွဲတော့ ကျနော် တို့ လူတွေလည်း စစ်ဆေးရေး လုပ်တယ်။ ဖြစ်ချင်တော့ သူ့ကို သွားတွေ့တယ်။ သူက သေနတ်ပါတယ်။ ရပ်ခိုင်း တာမရပ်ဘဲ ထွက်ပြေးသွားတော့ ကျနော်တို့လည်း RCSS ကလူတွေ ဗုံးလာထောင်တာဆိုပြီး ပစ်လိုက်တာ။ အဲ့နားမှာပဲ သေသွားတာပါ” ဟု ပြောသည်။

အဆိုပါ ပစ်သတ်ခဲ့ပြီးနောက် ကျေးရွာတွင်း မိဘ ပြည်သူများ နှင့် တွေ့ဆုံပြီး လျော်ကြေးငွေ ပြန်ပေးခဲ့သည်ဟု SSPP/SSA က ဆက်ပြောသည်။

“ကျနော်တို့လည်း မိဘပြည်သူတွေနဲ့ ပြန်တွေ့ဆုံတယ်။ ပြီးတော့ လျော်ကြေးငွေတွေ ဘာတွေ ညာတွေ ပြန်ပေး  လိုက်တယ်။ ဘယ်လောက်ပေးတယ်။ ဘာတွေ လုပ်လဲတော့ ကျနော်လည်း အတိကျ မသိဘူး။ ကျနော်လည်း အထက်ကို ပြန်မေးမှရမယ်။ မိဘပြည်သူတွေနဲ့ တွေ့ဆုံတဲ့အချိန် ကျနော်က မရှိနေဘူး” ဟု ဗိုလ်ကြီး သီဟရာဇာ က ပြောသည်။

ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနတွင် SSPP/SSA တပ်ဖွဲ့က ပစ်သတ်ခံခဲ့ရသည့် မိသားစုဝင်ကို ငွေ ၅ သိန်းဖြင့် ကျေအေးပေးခဲ့ကြောင်း ရေးသားထားသည်။

မိုင်းကိုင်မြို့နယ်အတွင်း အချို့သော ကျေးရွာဒေသများကို SSPP/SSA တပ်ဖွဲ့ဝင်များကို မာရှယ်လောစနစ်ဖြင့် ထိန်းချုပ်ထားကြောင်း ဆိုသည်။

ဗိုလ်ကြီး သီဟရာဇာက “ကျနော်တို့လည်း မိဘပြည်သူတွေကို မှာကြားထားတာတွေ ရှိပါတယ်။ လယ်ယာတွေ သွားရင် အစုလိုက်သွားဖို့၊ ကျနော်တို့ စစ်ဆေးရင်လည်း အစစ်ဆေးခံဖို့၊ တစ်ယောက်ထဲ မသွားဖို့၊ ဘယ်အချိန် တွေမှာ မသွားလာဖို့ဆိုတာ မှာကြားထားပါတယ်။ ကျနော်တို့ကို တွေ့ရင် မထွက်ပြေးဖို့ ပြောထားတယ်။ တကယ်လို့ ထွက်ပြေးတာတွေရှိရင် ပစ်သင့်ရင် ပစ်ရမှာပဲ။ မာရှယ်လောစနစ်လိုပါပဲ။ မိုင်းကိုင်မြို့နယ် တစ်ခု လုံးတော့ မဟုတ်ဘူး။ တချို့ဒေသတွေပဲ” ဟု ဆက်ပြောသည်။

အလားတူ ပြီးခဲ့သည့် မေလ ၉ ရက်နေ့ကလည်း SSPP/SSA တပ်သားများက လဲချားမြို့နယ်တွင်း ဒေသခံ တစ်ဦးကို သစ်ပင်ပေါ်ကြိုးတုတ်ပြီး မီးမြိုက်ကာ အမှုစစ်ဆေးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသေးသည်။

Most read this week

ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...
August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...