သိန္နီ - ကွမ်လုံ ကားလမ်းပိုင်းတွင် ကုန်တင်ကား တစ်စီး မီးရှို့ဖျက်ဆီးခံရ

သိန္နီ - ကွမ်လုံ ကားလမ်းပိုင်းတွင် ကုန်တင်ကား တစ်စီး မီးရှို့ဖျက်ဆီးခံရ

သျှမ်းပြည်၊ လားရှိုးခရိုင်၊ သိန္နီမြို့ နှင့် ကွမ်လုံမြို့ လမ်းပိုင်းတွင် ကုန်တင်ကား တစ်စီး မီးရှို့ဖျက်ဆီးခံရသည်ဟု ဒေသအတွင်း ကားသမားများက ပြောသည်။

မေလ ၂၆ ရက်နေ့တွင် သိန္နီမြို့  နှင့် ကွမ်လုံမြို့ သွားသည့် ကားလမ်းတစ်နေရာ၌ ဘိလပ်မြေ တင်လာသည့် ၁၂ ဘီးကား တစ်စီးသည် မီးရှို့ဖျက်ဆီးခံထားရပြီး၊ မီးရှို့ခံရသည့် ကားသမားလည်း ပျောက်နေသည်ဟု ဒေသတွင်း ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လုံခြုံရေး အရ အမည်မဖော်လိုသူ ဒေသအတွင်းက ကားသမား တစ်ဦးက “မန္တလေးဘက်က တက်လာတဲ့ ကား လို့ သိရပါတယ်။ လောက်ကိုင်ဘက်ကို ဘိလပ်မြေ တင်ပို့ဖို့ တက်လာတာတဲ့၊ သူ့ကားရှေ့ကို လက်နက်ကိုင် တပ်ဖွဲ့တစ်စုက လာတားပြီး ကားသမားကို ဆင်းခိုင်းတာ၊ ပြီးတော့ ကုန်တွေနဲ့ ကားကို မီးရှို့ဖျက်ဆီးလိုက်တာ၊ အခွန်မဆောင်လို့ ဆိုလားပဲ” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ကုန်တင်ကားကို မီးရှို့ဖျက်ဆီးသည့် လက်နက်ကိုင် တပ်ဖွဲ့သည် မည်သည့် အဖွဲ့အစည်းက ဖြစ်သည်ကို သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

လားရှိုးခရိုင် မှ မူဆယ်ခရိုင်အထိ လမ်းပိုင်း တစ်လျှောက်တွင် ကားသမားများ၊ လမ်းသွားလမ်းလာများထံမှ အခွန်ကောက် ဆက်ကြေးတောင်းနေသည့် လက်နက်ကိုင် တပ်ဖွဲ့များပေါများလာကြောင်း ဒေသခံများက ဆက် ပြောသည်။

ထို့အပြင် အခွန်တောင်းသည့် ပမာဏလည်း များပြားသည့် အတွက် သတ်မှတ်ထားသည့် အချိန်အတွင်း အခွန် မဆောင်နိုင်သည့် ကားသမားများကိုလည်း ပေါ့ပါးသည့် ပြစ်ဒဏ်ကိုသာ လုပ်သင့်ကြောင်းလည်း အထက်ပါ ကားသမားက ဆက်ပြောသည်။

“အခွန်ကောက်တာ ဆိုလည်း သင့်တင့်တဲ့ ပမာဏ တောင်းသင့်ပါတယ်၊ ကားသမားတွေလည်း ကိုယ်စီ အခက် အခဲတွေနဲ့မို့ ကိုယ်ချင်းစာသင့်ပါတယ်။ တကယ်လို့ အခွန်မဆောင်နိုင်တဲ့ သူဆိုလည်း ပေ့ါပါးတဲ့ အပြစ်လောက် ပေါ့။ အခုလို ကားကို မီးရှို့တာ၊ လူကို ဖျောက်ပစ်တာမျိုးတွေက ကားသမားတွေမကဘူး၊ သူ့မိသားစုဝင်တွေပါ ဘဝပျက်သွားနိုင်တယ်” ဟု ၎င်းက ပြောသည်။

သျှမ်းပြည် မြောက်ပိုင်းတစ်လျှောက်တွင် အခွန်ကောက် ဆက်ကြေးတောင်းသည့် လက်နက်ကိုင် အဖွဲ့အစည်း များ စုံလင်ပေါများလှသော်လည်း ကုန်တင်ကားများ ပစ်ခတ်ခံရခြင်း၊ မီးရှို့ဖျက်ဆီးခံရခြင်းတို့က မကြာခဏ ဖြစ်လေ့ရှိသည်။

ပြီးခဲ့သည့် မတ်လ ဆန်းပိုင်းမှာလည်း အဆိုပါလမ်းတွင် ၁၂ ဘီး ကုန်တင်ကား ၂ စီး မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး ယနေ့ အထိ မည်သည့် တပ်ဖွဲ့က လုပ်ဆောင်ခဲ့သည်ကို မသိရသေးပေ။

အဆိုပါ လမ်းပိုင်း တစ်လျှောက်တွင် တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင် လွတ် လပ်ရေး တပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့အပြင် စစ်ကောင်စီတပ်တွေနဲ့ သိန္နီ PDF တို့လည်း စစ်ရေးလှုပ်ရှားလျက်ရှိပြီး အခွန်တွေ ကောက်ခံနေကြသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် မိုးနဲဒေသခံ စိုင်းမိန်း (ခေါ်) စိုင်းလင်း။ / Crd)
September 21, 2026
သျှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့တွင် ဒေသခံအမျိုးသားတစ်ဦး စစ်မှုထမ်းရန်အတွက် စစ်အုပ်စုတပ်၏...
September 21, 2026
-  ရခိုင် စစ်တွေစစ်မျက်နှာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စု တပ်စခန်းတချို့...
စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...