မုန်တိုင်းအလွန် ရခိုင်နယ်စပ်ကုန်သွယ်ရေး ပြန်လည်ပတ်ရန် အခက်အခဲရှိနေ

မုန်တိုင်းအလွန် ရခိုင်နယ်စပ်ကုန်သွယ်ရေး ပြန်လည်ပတ်ရန် အခက်အခဲရှိနေ
မုန်တိုင်းကြောင့် ပျက်စီးသွားသော ကျောက်တော်မြို့နယ်က ဆန်စက်ရုံတစ်ခုအား တွေ့ရစဉ်။
မုန်တိုင်းကြောင့် ပျက်စီးသွားသော ကျောက်တော်မြို့နယ်က ဆန်စက်ရုံတစ်ခုအား တွေ့ရစဉ်။

ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်းက စီးပွားရေးလုပ်ငန်းအများအပြား ပျက်စီးဆုံးရှုံးသွားသဖြင့် နယ်စပ် ကုန်သွယ်ရေးလုပ်ငန်း ပြန်လည်ပတ်နိုင်ရန် အခက်ခဲများစွာရှိနေသေးကြောင်း ကုန်သွယ်ရေးစခန်း တာဝန်ရှိသူများက ပြောသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်စံသိန်းက “ပို့စရာ ကုန်ပစ္စည်းလည်း မရှိကြဘူး။ ပစ္စည်းဝယ်ယူမှုကလည်း ဈေးမကိုက်ဘူး။ လုပ်ငန်းလည်ပတ်မှုက လုံးဝရပ်တန့်သွားတဲ့ အနေအထားဖြစ်နေ တယ်။ ကုန်သွယ်မှုကလည်း လေးပုံ သုံးပုံလောက် ကျဆင်းသွားတယ်” ဟု ပြောသည်။

ကုန်သည်များမှာ မုန်တိုင်းကြောင့် ကုန်ပစ္စည်းများသိုလှောင်သည့် ဂိုဒေါင်များ ပျက်စီးသွားခြင်း၊ ရုံးပိုင်းဆိုင်ရာ အခက်အခဲတချို့နှင့် ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် အခက်အခဲဖြစ်နေကြသည်။

စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းတွင် မုန်တိုင်းကြောင့် ဂိုဒေါင်ခုနစ်လုံး၏ခေါင်မိုးများ ပွင့်ထွက်ပျက်စီး သွား ခဲ့ပြီး သိုလှောင်ထားသည့် ကုန်ပစ္စည်း ၂၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားသည်။

နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို မုန်တိုင်းမတိုက်မီ တစ်ပတ်ခန့်ကပင် ရပ်တန့်ထားခြင်းဖြစ်ပြီး လက်ရှိ ပျက်စီးမှု အနေအထားအရ ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်ပတ်ရန် ကြာမြင့်ဦးမည်ဟု စစ်တွေ နယ်စပ်ကုန် သွယ်ရေးခစန်းမှ ကုန်သည် ဦးညီညီက ပြောသည်။

“လုပ်ငန်း ပြန်လည်စပြီး လုပ်ကိုင်ရမှာဆိုတော့ အချိန်ကြန့်ကြာမှုတော့ ရှိနေအုံးမှာ။ ဘယ်အချိန်ထိလဲဆိုတာကို ကျနော်တို့ ပြောလို့မရသေးဘူး” ဟု ဦးညီညီက ဆက်ပြောသည်။

ရခိုင်ပြည်ရှိ မောင်တော နှင့် စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ  တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက် ကုန်ပစ္စည်း၊ လယ်ယာသုံးပစ္စည်း၊  အခြေခံ စားသောက်ကုန်များကို တင်ပို့နေခြင်းဖြစ်သည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် အားပြင်းသော “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်၊ ချင်းပြည် နယ်နှင့် မကွေးတိုင်းမှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း အများအပြား ပျက်စီးဆုံးရှုံးခဲ့ ရပြီး လုပ်ငန်းရှင်များမှာ အခက်ခဲများရှိနေကြသည်။

July 15, 2026
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု...
July 14, 2026
ရေကြီးမှုဒဏ် ကြုံတွေ့ခဲ့ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် လယ်ယာနှင့် ဟင်းသီးဟင်းရွက်...
July 13, 2026
ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း ငွေသားပြတ်လပ်မှုများနှင့် ကြုံတွေ့နေရပြီး...
July 9, 2026
ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိရာ ကျောက်တော်၊ မြောက်ဦးနှင့်...