အမျိုးသမီးတစ်ဦး အပါအဝင် တောင်ကြီးက လူငယ် ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွား

အမျိုးသမီးတစ်ဦး အပါအဝင် တောင်ကြီးက လူငယ် ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့ပေါ်တွင် နေထိုင်သည့် လူငယ်များကို စစ်ကောင်စီတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးရာ လက်ရှိတွင် လူငယ် ၃ ဦး ထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားသည်။

ယခု ဧပြီလဆန်းပိုင်းမှ စတင်ကာ တောင်ကြီးမြို့ပေါ်ရှိ လူငယ်များကို စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး၌ ပါဝင်သည် ဆိုသည့် စွပ်စွဲချက်များဖြင့် စစ်ကောင်စီက လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် အမျိုးသမီး တစ်ဦး အပါအဝင် လူငယ် ၃ ဦး ဖမ်းဆီးခံရသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့တွင် တောင်ကြီးမြို့ ၊ အောင်သပြေ ရပ်ကွက်တွင် နေထိုင်သူ အသက် (၂၀) ကျော် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားကြောင်း နီးစပ်သူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သတင်းအတိအကျ နဲ့ အိမ်အထိလိုက်လာပြီး အမျိုးသမီး တစ်ဦးကို ဖမ်းသွားတယ်၊ သူမကို PDF ၊ ထောက်ပို့ တွေနဲ့ ချိတ်ဆက်မှု ရှိတယ်ဆိုပြီးတော့ လာဖမ်းတာ၊ အိမ်ကိုတော့ ပျူစောထီးနဲ့ ရဲတွေ၊ စစ်သားတွေပါတယ်၊ အိမ်တံခါးကို ဖျက်ပြီး ဝင်ဖမ်းတာ” ဟု နီးစပ်သူ အမျိုးသား လူငယ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ အမျိုးသမီး ဖမ်းဆီးခံရပြီးနောက် မိသားစုဝင်များက ရဲစခန်းကို လိုက်သွားသော်လည်း တွေ့ခွင့် မရ ကြောင်းနှင့် လက်ရှိအချိန်ထိ မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုလည်း မသိရသေးဘူးဟု ဆိုသည်။

ထို့အပြင် ဧပြီလ ၉ ရက်နေ့တွင်လည်း တောင်ကြီးမြို့ပေါ်နေ အသက် (၂၀) ကျော် အမျိုးသား နှစ်ဦးကို စစ်ကား ၂ စီး နှင့် အတူ စစ်ကောင်စီတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားကြောင်းလည်း တောင်ကြီးမြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သူတို့က သာမာန်အရပ်သား လူငယ်တွေ ဖြစ်ပါတယ်၊ လှုပ်ရှားမှုတွေမှာ ပါတယ် ဆိုတာက အစပိုင်းမှာပေါ့၊ ဆန္ဒပြတွေမှာပဲပါခဲ့တာ၊ အခုတော့ အဲ့ဒါတွေက ကြာခဲ့ပြီ၊ အခုမှ ဘာကြောင့်မို့ လာဖမ်းတာလဲတော့ မသိဘူး၊ အမျိုးသား လူငယ် ၂ ယောက်ကို တစ်ညတည်းဖမ်းသွားတာ” ဟု တောင်ကြီးမြို့ခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို့အပြင် ယမန်နေ့ မေလ ၁၀ ရက် နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင်လည်း တောင်ကြီး – ဖယ်ခုံ သွားသည့် ခရီးသည်တင်ယာဥ်ပေါ်မှာ အမျိုးသား ၂ ဦးကို အောင်ပန်း စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီး မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးပေ။

အာဏာသိမ်းယူပြီးသည့် အချိန်မှ စတင်ပြီး စစ်ကောင်စီ တပ်ဖွဲ့သည် လူငယ်လူရွယ်များကို အကြောင်းမဲ့ ဖမ်းဆီး ခံရခြင်း၊ ပုဒ်မအမျိုးမျိုးတပ်ကာ စွပ်စွဲဖမ်းဆီးခြင်းတို့ ပြုလုပ်လာသည်ဟု ဒေသခံများက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်း ၂ နှစ်ကျော်အကြာ ကာလအတွင်း စစ်ကောင်စီတပ်များ၏ အကြမ်းဖက် ပစ် ခတ် သတ်ဖြတ်မှုများကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ ကျဆုံးပြည်သူ ၃,၄၈၆ ဦး နှင့် ဖမ်းဆီးထိန်းသိမ်းခံ ရသူ ပေါင်း ၂၁,၉၉၀ ဦးထိ ရှိလာသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - (RCSS ထံ ဘက်ပြောင်းခိုလှုံလာသည့် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ / Tai Freedom)
August 28, 2026
သျှမ်းပြည်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မ...
August 28, 2026
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)...
ဓာတ်ပုံ - (ဖယ်ခုံစစ်ဘေးရှောင်စခန်း - Crd)
August 27, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ လတိန်ကျေးရွာတွင် ၁၁ လနီးပါး စစ်ဘေးတိမ်း...
ဓာတ်ပုံ - (မိုးမောက် စစ်ဘေးရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများတွင်...