ကံပေါက်တွင် ဧည့်စာရင်းမတိုင်က အရေးယူမည်ဟု ကြေညာ

ကံပေါက်တွင် ဧည့်စာရင်းမတိုင်က အရေးယူမည်ဟု ကြေညာ

နယ်ခံမဟုတ်သည့် သူများ လာရောက်လျှင် မဖြစ်မနေ ဧည့်စာရင်းတိုင်ကြားရမည်ဟု စစ်ကောင်စီခန့် အုပ်ချုပ် ရေးမှူးများက လိုက်လံ ကြေညာခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့က အသံချဲ့စက်ဖြင့် ရွာထဲ လိုက်လံကြေညာခဲ့ခြင်း ဖြစ်သည်။

အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦးက “ကားနဲ့ အမြန်မောင်းပြီး လိုက်အော်သွားတာ။ ရပ်ကွက်အကုန်လုံး နှံ့အောင်လည်း မကြေညာသွားဘူး။ ပီပီသသ အော်တာမျိုး မဟုတ်တော့ နားလည်အောင် မနည်း နားထောင် လိုက်ရတယ်” ဟု ပြောသည်။

ကံပေါက်တွင် ရပ်ကွက် ၁၁ ရပ်ကွက်ရှိပြီး သက်ဆိုင်ရာ ရပ်ကွက်အလိုက် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ အိမ် များတွင် သွားရောက်တိုင်ကြားရမည် ဖြစ်သည်ဟု မေလ ၄ ရက် ညနေပိုင်းတွင် အသံချဲ့စက်ဖြင့် ကြေညာ သွား ခြင်း ဖြစ်သည်။

ကံပေါက်ဒေသတွင် ဥယျာဉ်ခြံ လုပ်ငန်းများ၊ သတ္တုတွင်းလုပ်ငန်းများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများ အပြင် လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းများရှိနေပြီး နယ်ခံမဟုတ်သည့် အခြားဒေသများမှ လာရောက် လုပ်ကိုင် နေထိုင်ကြသူလည်း အများအပြားရှိနေသည်ဟု ဒေသခံများက ပြောသည်။

ဧည့်စာရင်းတိုင်ကြားခြင်း မရှိပါက အိမ်ရှင်ရော ဧည့်သည်ကိုပါ အပြစ်ပေးအရေးယူမည်ဟု ကြေငြာသွားသည် ဟု ဆိုသည်။

သို့သော် မည်ကဲ့သို့အရေးယူမယ် မည်သည့်ချိန် တိုင်ကြားရမယ်ဆိုတဲ့ အချိန်ကန့်သတ်ချက်မျိုးတွေကိုတော့ ပြောကြားသွားတာ မရှိဘူးလို့ ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ဇန္နဝါရီလ ၄ ရက်နေ့ က ကံပေါက်အုပ်ချုပ်ရေးမှူး အပါအဝင် လူ ၃ ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီက ဒေသအတွင်း ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ခဲ့ပြီး ယခုထပ်မံ၍ ဧည့်စာရင်းတိုင်ရန် ကိစ္စကို တင်းကြပ်လာခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်လည်း စစ်ကောင်စီမှ စတုတ္ထအကြိမ် ပြင်ဆင်ခဲ့သည့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေအရ ဧည့်စာရင်းတိုင်ကြားရန် ပျက်ကွက်ပါက ကျပ်တစ်သောင်းထက်မပိုသည့် ငွေဒဏ် ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ထို့အပြင် ငွေဒဏ်ပေးဆောင်ခြင်းမပြုပါလည်း ထောင်ဒဏ် ၇ ရက်ထက် မပိုတဲ့ ပြစ်ဒဏ် ချမှတ်မည် ဖြစ်ကြောင်း  စစ်ကောင်စီက ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။

February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...
January 30, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဦးဆောင်မှု အသစ်ဖွဲ့စည်းရာတွင် မျိုးဆက်သစ်လူငယ်နှင့်...