တနင်္သာရီမြို့နယ်တွင် စစ်တပ် စစ်ကြောင်းထိုး၍ တိုက်ပွဲများ ပြင်းထန်နေ

တနင်္သာရီမြို့နယ်တွင် စစ်တပ် စစ်ကြောင်းထိုး၍ တိုက်ပွဲများ ပြင်းထန်နေ
ထားဝယ်ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ / Dawei PDF
ထားဝယ်ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ / Dawei PDF

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်တပ်က တနင်္သာရီမြစ် အောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာ ခြင်းကြောင့် တော်လှန်ရေး ပူးပေါင်းတပ်များနှင့် စစ်ရေး တင်းမာကာ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

စစ်တပ်သည် ညောင်ပင်ကွင်းကျေးရွာရှိ ခမရ (၅၆၁) တပ်ရင်းထံ ရိက္ခာပို့ရန် တနင်္သာရီမြစ်ကြောင်း အတိုင်း အင်အားသုံး စစ်ကြောင်းထိုးလာသည့်အပြင် ဒေသခံပြည်သူများကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်လာသောကြောင့် တနင်္သာရီမြစ် အောက်ဘက်ခြမ်းတွင် တော်လှန်ရေး ပူးပေါင်းတပ်များနှင့် စစ်ရေး တင်းမာကာ တိုက်ပွဲများ ပြင်းထန်လျက် ရှိသည်။

ဒေသခံ ပြည်သူတစ်ဦးက “စစ်အုပ်စုတပ်က မြစ်ကြောင်းအတိုင်း ရိက္ခာပို့ဖို့ စစ်ကြောင်းထိုးလာတာ။ လမ်းမှာ တွေ့တဲ့ ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတော့ ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေ တယ်။ ရွာ ၉ ရွာမက ရွာသားတွေလည်း ဘေးလွတ်ရာကို ကြိုထွက်ပြေးနေကြရတယ်။ ဖမ်းခံရသူတွေထဲမှာ သာမန် ပြည်သူအချို့ ပါသလို စစ်တပ် သတင်းပေး ဒေါက်တိုင်တွေလည်း ပိုများတယ်လို့ ကြားရတယ်” ဟု ပြောသည်။

လက်ရှိ စစ်ရေးနယ်မြေများဖြစ်သည့် ဗောဓိကမ်း၊ ဘန်လင်၊ ဘန်လော၊ ငါးမိုင်၊ ခြောက်မိုင်၊ ကျွဲထိန်းကုန်း၊ ဆင်ခေါင်း၊ သကျက်နှင့် တောင်ဘီးရွာ စသည့် ကျေးရွာ ၉ ရွာထက်မနည်းမှ ဒေသခံများအနေဖြင့် ဘေးလွတ်ရာ ကြိုတင်ရှောင်တိမ်းကြရန် မြိတ်ခရိုင် အမှတ် (၃) တပ်ရင်းက တိုက်တွန်း အသိပေးထားသည်။

ထို့ပြင် မြိတ်မြို့နယ်၊ တုံးဗျောရွာ၌ တပ်စွဲထားသည့် စစ်အုပ်စုတပ်ကိုလည်း KNU လက်အောက်ခံ KNDO တပ်ဖွဲ့ က ဩဂုတ်လ ၂၄ ရက်တွင် ပြောက်ကျားစနစ်ဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်ဘက်မှ သေနတ်များ နှင့် ခဲယမ်းများ စွန့်ပစ်၍ ထွက်ပြေးသွားခဲ့သဖြင့် သေနတ် ၄ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့သည်။

တနင်္သာရီမြို့နယ်တွင် စစ်အုပ်စုတပ်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် (၁၃) လက်အောက်ခံ ခမရ (၅၅၇)၊ ခမရ (၅၅၈) နှင့် ခမရ (၅၆၁) တပ်ရင်းများ အခြေစိုက်ထားပြီး ညောင်ပင်ကွင်း ခမရ (၅၆၁) သို့ ရိက္ခာပို့သည့် လမ်းကြောင်းအတိုင်း စစ်ကြောင်းထိုးလာခြင်းဖြစ်ရာ ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် မေလကလည်း အဆိုပါ လမ်းပိုင်း၌ နှစ်ဖက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ဖူးသည်။

စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးလာမှုနှင့်အတူ တနင်္သာရီမြစ်ကြောင်းတစ်လျှောက် စစ်ရေး ပိုမိုတင်းမာလာနိုင် သဖြင့် တိုက်ပွဲများအတွင်း ပြည်သူများ ထိခိုက်မှုမရှိစေရန် လုံခြုံရေး သတိထားကြပါရန် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက နှိုးဆော်ထားသည်။

Most read this week

September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အကျဉ်းထောင်တွင် အရေးပေါ် ဆေးကုသခွင့်တောင်းဆိုမှုကို...
September 17, 2026
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၌ စစ်အုပ်စုတပ်က အဓမ္မစစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ...
September 17, 2026
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ကျေးရွာသူ...
September 17, 2026
ကချင်ပြည်၊ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ စစ်ရေယာဉ်များကို ကချင်လွတ်...