KNU ဗဟိုခေါင်းဆောင်တချို့ကို စုံစမ်းစစ်ဆေးပေးဖို့ တပ်မဟာ(၅) တောင်းဆို

KNU ဗဟိုခေါင်းဆောင်တချို့ကို စုံစမ်းစစ်ဆေးပေးဖို့ တပ်မဟာ(၅) တောင်းဆို

တရားမဝင်လောင်းကစားလုပ်ငန်းတွေနဲ့ အခြားသော ရာဇဝတ်မှုမကင်းတဲ့ လုပ်ငန်းတွေမှာ ဆက်နွယ်ပတ်သက်တဲ့ KNU ဗဟိုက ခေါင်းဆောင်တချို့ကို စုံစမ်းစစ်ဆေးပြီး ဆက်နွယ်ပတ်သက်တဲ့လူတွေအားလုံးကို ဖော်ထုတ်အရေးယူဆောင်ရွက်ဖို့ အပါအဝင် အချက်(၃)ချက်ကို KNU တပ်မဟာ(၅)က ဧပြီလ(၂၇)ရက်နေ့ ရက်စွဲနဲ့ KNU ဗဟိုကို တောင်းဆိုအကြံပြုထားတယ်လို့ သိရပါတယ်။

တရားမဝင်လောင်းကစားလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်မြို့သစ်စီမံကိန်းတွေမှာ KNU ဗဟိုခေါင်းဆောင်တချို့ ပါဝင်ပတ်သက်နေမှုအပေါ် KNU ဗဟိုအမြဲတမ်းကော်မတီရဲ့ ဦးဆောင်မှုနဲ့ စုံစမ်းစစ်ဆေးပြီး အဲဒီတရားမဝင်လုပ်ငန်းစီမံကိန်းတွေမှာ ပါဝင်ပတ်သက်နေသူတွေအားလုံးကို ဖော်ထုတ်အရေးယူဆောင်ရွက်ပြီးမှသာ KNU ကွန်ဂရက်ကို ဆက်ကျင်းပသွားဖို့ တောင်းဆိုအကြံပြုချက်တွေထဲမှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် လက်ရှိပြဿနာတွေကိုဖြေရှင်းဖို့အတွက် လုံခြုံတဲ့နေရာတစ်နေရာမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ မျက်နှာချင်းဆိုင် အစည်းအဝေးထိုင်ပြီး ဖြေရှင်းဆောင်ရွက်ရမှာဖြစ်ကာ ဗဟိုအနေနဲ့ တာဝန်ယူဖြေရှင်းခြင်းမပြုပါက တပ်မဟာ(၅)အနေနဲ့ ရပ်တည်ထားတဲ့ ရပ်တည်ချက်တွေအတိုင်း ဆက်လက်ရပ်တည်သွားမယ်လို့ ဖော်ပြထားပါတယ်။

KNU တပ်မဟာ(၅) တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကျော်လွန်ပြီး တရားမဝင်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ KNU ကာကွယ်ရေးဝန်ကြီး အပါအ ဝင် လူပုဂ္ဂိုလ်(၅)ဦးကို ကော်သူးလေဥပဒေနဲ့အညီ စစ်ဆေးမှုပြုလုပ်ပြီး အရေးယူဆောင်ရွက်သွားမယ်လို့  KNU ဗဟိုရဲ့ ထုတ်ပြန်ကြေငြာချက်တစ်စောင် လူမှုကွန်ယက်မှာ ထွက်ပေါ်လာနေတာကို တွေ့နေရပါတယ်။

ဒီထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီး KNU ဗဟို တာဝန်ရှိသူတွေထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်အထိ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

KNU တပ်မဟာ(၅) တာဝန်ရှိသူတစ်ဦးကတော့ KNU ဗဟိုထံ ဖော်ထုတ်အရေးယူဖို့ တောင်းဆိုထားမှုဟာ မှန်ကန်တယ်လို့ သံလွင်တိုင်းမ်ကို အတည်ပြုထားပေမယ့် ကျန်အသေးစိတ် အခြေအနေကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

တရားမဝင်လောင်းကစားလုပ်ငန်းတွေပါဝင်တဲ့ တရုတ်မြို့သစ်စီမံကိန်းတွေမှာ KNU အနေနဲ့ ပါဝင်ပတ်သက် ခြင်း မရှိသလို အခြားသော ဘယ်တရားမဝင်လောင်းကစားလုပ်ငန်း၊ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေအပါအဝင် အခြားသော ရာဇဝတ်မှုမကင်းတဲ့လုပ်ငန်းတွေကို ကရင်ပြည်နယ်အတွင်း လုပ်ဆောင်မှုကို လက်မခံကြောင်း KNU ဗဟိုက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၆)ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

အဲဒီကြေညာချက်ထဲမှာ မည်သည့် KNU အစည်းအရုံးဝင်တစ်ဦးတစ်ယောက်ကိုမှ ရာဇဝတ်မှုနဲ့ ဆက် စပ်တဲ့ စီးပွားရေးဆိုင်ရာလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်တာ ထောက်ကူတာစတာတွေကိုဖြစ်စေတဲ့ ဘယ်လုပ်ရပ်မဆို ပါဝင်ခြင်းမှ တားမြစ်ထားတယ်လို့ KNU ဗဟိုက ဆိုထားပါတယ်။

လက်ရှိမှာလည်း ပြီးခဲ့တဲ့ ဧပြီလ(၂၄)ရက်နေ့က စတင်ကျင်းပခဲ့တဲ့ KNU ဗဟိုညီလာခံကို မေ (၁)ရက် နေ့မှာ ဆက်လက်ကျင်းပနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းက မဲပေးရွေးချယ်မှုအပိုင်းမှာ မဲအရေအတွက် ပိုနေတယ်လို့ဆိုပြီး ပြဿနာတွေဖြစ်ပေါ်ခဲ့တဲ့အကြောင်းလည်း တပ်မဟာ(၅) တာဝန်ရှိသူရဲ့ ပြောဆိုချက်အရ သိရပါတယ်။

Most read this week

Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...
December 18, 2025
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူငယ် ၁၀၀ ကျော်ကို စစ်ကော်မ...