ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာဒေသခံ ၆၀ ခန့်အား စစ်ကောင်စီစစ်ကြောင်းမှ ဖမ်းဆီးထား

ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာဒေသခံ ၆၀ ခန့်အား စစ်ကောင်စီစစ်ကြောင်းမှ ဖမ်းဆီးထား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာအတွင်း ရဲနဲ့စစ်သား ၅၀ ထက်မနည်းရှိတဲ့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီး အရပ်သား ၆၀ လောက်ကို ဒီကနေ့မနက် ၅ နာရီလောက်မှာ စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ သိရပါတယ်။

လက်ရှိ မှော်ပုံဘုန်းကြီးကျောင်းမှာ အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်ထားဆဲ ဖြစ်တယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

"စစ်ကြောင်းတွေ မနက်အစောကြီး ၅နာရီလောက်ကတည်းက ရောက်လာတယ်။ ရွာကို ဝိုင်းထားတယ်။ အဓိက ကတော့ မှော်ပုံပေါ့"လို့ ဒေသခံက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီကနေ ဖမ်းဆီးထားတဲ့ မှော်ပုံကျေးရွာဒေသခံတွေကို လမ်းမပေါ်ထွက်ခိုင်းပြီး 'အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အလိုမရှိ'လို့ကြွေးကြော်ခိုင်းပြီး ဗွီဒီယို၊ ဓာတ်ပုံမှတ်တမ်းတွေ ရိုက်ယူခဲ့ကြတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားသူတွေကို လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်သွားတာ ဖြစ်နိုင်တဲ့အပြင် စစ်ဆေးမေးမြန်းဖို့လည်း ဖြစ်နိုင်တယ်လို့ မှော်ပုံကျေးရွာအနီးက ဆန်ခါကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၁၈)ရက်နေ့ကလည်း မြစ်ကြီးနား-ဖားကန့် လမ်းပေါ်က ကပ်မှော်ဇွပ်ကျေးရွာအုပ်စု၊ ဆိုင်းဖရာကျေးရွာမှာရှိတဲ့ ကျေးရွာနေ ပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီကနေ လူသားဒိုင်းအဖြစ် စစ်ကောင်စီယာဉ်တန်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ရှိခဲ့ပါတယ်။

အခုလို စစ်ကောင်စီကနေ အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေ များလာနေပြီး အခုလိုလုပ်ရပ်ဟာ မဖြစ်သင့်ဘူးလို့ အထက်ပါဆန်ခါကျေးရွာသားက ဆိုပါတယ်။

ဒီကနေ့မနက် အစောပိုင်းကလည်း ဖားကန့်မြို့အတွင်းလက်နက်ကြီး ပစ်သံတွေပါ ကြားရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း မှော်ပုံရွာအတွင်း စစ်ကောင်စီတပ်သား အင်အား ၃၀ လောက်နဲ့ ဝင်ရောက် စီးနင်းခဲ့ပြီး လက်နက်ကြီး ၆ ကြိမ်ထက်မနည်း ရွာအတွင်းရမ်းသမ်းပစ်ခတ်မှုကြောင့် မှော်ပုံရွာရဲ့ဘုန်းကြီးကျောင်းနဲ့ ရွာအနီး ဝန်းကျင် လက်နက်ကြီးနှစ်လုံး ကျရောက်ခဲ့မှု ရှိခဲ့ပါတယ်။

အဲဒီနေ့မှာပဲ ရွာတွင်းက ကုဋေဦးကုန်စုံဆိုင်ထဲ ဝင်ရောက်မီးရှို့ပြီး ဆိုင်ပိုင်ရှင်နဲ့ အတူ အမျိုးသားတစ်ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ရှိခဲ့ပါတယ်။

September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...