စစ်ကောင်စီက ပဇီကြီးကျေးရွာကို ည ၅ နာရီကျော်အချိန်တွင် ထပ်မံဗုံးကြဲတိုက်ခိုက်

စစ်ကောင်စီက ပဇီကြီးကျေးရွာကို ည ၅ နာရီကျော်အချိန်တွင် ထပ်မံဗုံးကြဲတိုက်ခိုက်
သေဆုံးခဲ့သူများ၏ ရုပ်အလောင်းများ
သေဆုံးခဲ့သူများ၏ ရုပ်အလောင်းများ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို ည ၅ နာရီကျော် အချိန်တွင် လေကြောင်းကနေ စစ်ကောင်စီက ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။

“ ဂျက်ဖိုက်တာနဲ့ ညနေ ၅ နာရီ ၃၅ မိနစ်လောက်နေ ၄၀ မိနစ်လောက်အထိ (၅) မိနစ်ကြာ  ၃ ကြိမ်ဝဲပြီး ၄ လုံးထပ်ပစ်ချ တယ်ဗျ။ လူနေအိမ်တွေကိုလည်း ချတယ်။ အလောင်းတွေ ကောက်မရအောင်၊ ဒါမှ မဟုတ် သက်သေ အထောက်အထားမကျန်အောင် ဆက်ပစ်နေတာလို့ပဲ မြင်တယ်။ ခုလို လေကြောင်းကနေ ဆက်တိုက် ပစ်နေတော့ အလောင်းတွေ ကောက်ယူလို့မရဖြစ်နေပါတယ်”ဟု အလောင်းများ ကောက်ယူရာတွင် ကူညီဆောင်ရွက်ပေးနေသူ ဒေသခံ တစ်ဦးက ဧပြီ ၁၁ ရက် ည ၆ နာရီကျော်က  ပြောသည်။

အဆိုပါနေရာကို စစ်ကောင်စီက ဧပြီ ၁၁ ရက် နံနက် ၈ နာရီလောက် ဂျက်ဖိုက်တာ၊ MI – 35 ရဟတ်ယာဉ်တို့ဖြင့် ပဇီကြီးကျေးရွာတွင် အရပ်သားများ စုဝေးနေစဉ်  ဗုံးကြဲ ပစ်ခတ်မှုများပြုလုပ်ခဲ့သဖြင့်  အရပ်သား ပြည်သူအများအပြား သေဆုံးခဲ့သည်။

ထိုအထဲက ခန္ဓာကိုယ် အစိတ်အပိုင်း များပြန့်ကြဲနေသော လူ ၅၀ ကျော်၏  အလောင်းများကို ရရှိထားပြီဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာသူ ၂၀ ကျော် ရှိကြောင်း ၎င်းက ပြောကြားသည်။

 NUG အမျိုးသားညီညွတ်ရေးအစိုးရကလည်း ရာနှင့်ချီပြီး အရပ်သားပြည်သူများ သေဆုံးနေပြီဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

သေဆုံးခဲ့မှုတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ကျောင်းနေအရွယ် ကလေးငယ်များ၊ အရွယ်မရောက်သေး သည့် ကလေးငယ်များ ပါဝင်သည်ဟု သိရသည်။

ပြန့်ကျဲနေသည့် သေဆုံးအလောင်းများကောက်ယူရာတွင်လည်း ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေသည်ကို ကြောက်လန့် ထိတ်လန့်ဖွယ်ရာ တွေ့မြင်ရသည်ဟု ဒေသခံများက ပြောသည်။

“ရက်စက်ယုတ်မာလိုက်ကြတာ။ သူတို့သားသမီးတွေ မိသားစုတွေ အခုလို အသေဆိုး မျိုးထက် သေတာမျိုးနဲ့ ကြုံတွေ့ရပါလို၏လို့ပဲ ဆုတောင်းပါတယ်သားရယ်”ဟု ဖြစ်စဉ်အတွင်းရှိနေခဲ့သည့် အသက်ဘေးမှ လွတ်မြောက် လာသူအမျိုးသမီးတစ်ဦးက ပြောသည်။

သေဆုံးခဲ့သူများ၏ ရုပ်အလောင်းများ

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဗုံးကြဲတိုက်ခိုက်ခြင်းမှာ ဟုတ်မှန်ကြောင်း ဝန်ခံလိုက်ပြီး အဆိုပါဗုံးကြဲသည့် နေရာတွင်  ယမ်းများသိုလှောင်ထာသဖြင့် ပေါက်ကွဲမှု ပြင်းထန်ကြောင်း ပြောကြားသည်။

ကုလသမဂ အထွေထွေ အတွင်းရေးမှူးချုပ်အပါအဝင် နိုင်ငံတကာ စစ်ရာဇဝတ်မှုအဖြစ် စစ်ကောင်စီ၏ လုပ်ရပ်အပေါ်  ဝေဖန်ရှုတ်ချခဲ့သည်။

လက်ရှိတွင် သေဆုံးသူများနှင့် သေဆုံးသူများ၏ ခန္ဓာအစိတ်ပိုင်များအား ရှာဖွေစုပုံထားရပြီး အခါသင့်လျော် သည်နှင့် မီးရှို့သဂြိုလ်ပေးသွားမည်ဖြစ်ကြောင်းကို ကူညီကယ်ဆယ်ပေးနေသူများက ပြောသည်။

April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...