စစ်အုပ်စု ရေတပ်လှုပ်ရှားမှုကြောင့် အာရက္ခ ရေလုပ်သားများ ငါးဖမ်းရန် အခက်ကြုံ

စစ်အုပ်စု ရေတပ်လှုပ်ရှားမှုကြောင့် အာရက္ခ ရေလုပ်သားများ ငါးဖမ်းရန် အခက်ကြုံ
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)

ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ) များ ယခင်ကထက် ပိုမိုလှုပ်ရှားလာပြီး နေ့ရောညပါ သွားလာနေခြင်းကြောင့် ဒေသခံများ ငါးမဖမ်းရဲဘဲ ဖြစ်နေကြသည်။

စစ်အုပ်စု ရေတပ်၏ စစ်သင်္ဘောများသည် သံတွဲ၊ ဂွ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း၊ မြေပုံ၊ ပေါက် တောနှင့် စစ်တွေ ရေလမ်းကြောင်းများတွင် ယခင်ကထက် ပိုမိုသွားလာလှုပ်ရှားနေကြောင်း မျက်မြင် ရေလုပ် သားများ၏ ပြောဆိုချက်အရ သိရသည်။

ညဘက်တွင် မီးရောင်မြင်သည်နှင့် သေနတ်ဖြင့် လှမ်းပစ်ခြင်းများ ရှိနေသလို နေ့အချိန်တွင်လည်း စပီးဘုတ်များ ဖြင့် လိုက်လံဖမ်းဆီးခြင်းများ ရှိနေသည်ဟု ရေလုပ်သားများက ဆိုသည်။

“ဒီလို အခြေအနေတွေကြောင့် ဒေသခံရေလုပ်သားတွေဟာ စိုးရိမ်ကြောက်လန့်ပြီး ငါးဖမ်းလုပ်ငန်းတွေကို ရပ်နားထားရတယ်” ဟု သံတွဲဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ဂွမြို့နယ်မှ စစ်တွေသို့ သွားသည့် ရေလမ်းကြောင်းတွင် တိုက်ခိုက်ရေး စစ်သင်္ဘော ၅ စီးခန့် ပုံမှန်သွားလာ လှုပ် ရှားနေပြီး အချို့ စစ်သင်္ဘောများမှာ ဒေသခံများ ငါးရှာဖွေရာ နေရာများနှင့် မလှမ်းမကမ်းတွင် ကျောက်ချ ရပ်နား ထားသည်ကိုလည်း တွေ့ရသည်။

ထို့ပြင် ညဘက်တွင် လက်နက်ကြီးပစ်ခတ်သံများနှင့် စစ်လေယာဉ်သံများကြောင့် ဒေသခံများမှာ ထိတ်လန့် ခြောက်ခြားစွာ နေထိုင်နေကြရပြီး ငါးမဖမ်းနိုင်သဖြင့် မိသားစု စားဝတ်နေရေးအတွက် အခက်အခဲများ ကြုံတွေ့ နေကြရသည်။

ရေလုပ်သားတစ်ဦးက "ဒီလောက် လူသတ်နေတဲ့ စစ်တပ်လက်ထက်မှာ အခုလို စက်သေနတ်၊ လက်နက်ကြီး တွေ တပ်ဆင်ပြီး သွားလာနေတဲ့ နေဗီ (ရေတပ်သင်္ဘော) တွေကို မြင်နေရတော့ ဘယ်သူက အန္တရာယ်ကြားထဲ သွားပြီး ငါးရှာရဲမလဲ။ တကယ်လို့ ငါးရှာလို့ တွေ့ရင်လည်း ဖမ်းဆီးပြီး သတ်ပစ်မှာပဲ။ အဲဒါကြောင့် ငါးမရှာဘဲ ရပ်တန့်ထားရတယ်။ဒါပေမယ့် တစ်ဘက်မှာတော့ စားဝတ်နေရေး အခက်အခဲတော့ ရှိတာပေါ့" ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် တောင်ယာ၊ လယ်လုပ်သူများနှင့် ရေလုပ်သားများသည် မိမိတို့ လုပ်ကိုင်နေကျ အလုပ်များကို ပုံမှန်လုပ်ကိုင်နေသော်လည်း စစ်ရေးကာလတွင် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်ကျော်ဖြတ်နေရကာ အခြေခံ လူတန်းစားများ၏ စားဝတ်နေရေးမှာ ပို၍ ခက်ခဲနေပါသည်။

ယခုကဲ့သို့ စစ်ရေးပဋိပက္ခကာလတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် သွင်းကုန်၊ ထုတ်ကုန်များ မရှိဘဲ ကုန်ဈေးနှုန်းများ မြင့်တက်နေချိန်တွင် ကျန်းမာရေး၊ ပညာရေးနှင့် စားဝတ်နေရေးတို့အတွက် မငတ်ရုံ တမယ် ရုန်းကန်နေရသည့် အခြေခံလူတန်းစားများသည် နေ့စဉ် အခက်အခဲမျိုးစုံကို ကျော်ဖြတ်နေကြရပါသည်။

Most read this week

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...