ပိတ်ဆို့ကန့်သတ်မှုကြောင့် တနင်္သာရီစစ်ရှောင်တွေအတွက် ရိက္ခာဝယ်ယူဖို့ ပိုမိုခက်ခဲလာ

ပိတ်ဆို့ကန့်သတ်မှုကြောင့် တနင်္သာရီစစ်ရှောင်တွေအတွက် ရိက္ခာဝယ်ယူဖို့ ပိုမိုခက်ခဲလာ
ဓာတ်ပုံ - Social Media
ဓာတ်ပုံ - Social Media

တိုက်ပွဲတွေ ပြင်းထန်လာမှုနဲ့အတူ နှစ်ဖက်ပိတ်ဆို့ကန့်သတ်ချက်တွေကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲက စစ်ရှောင်ပြည်သူတွေအတွက် ရိက္ခာနဲ့ဆေးဝါးတွေ ဝယ်ယူဖို့ ပိုမိုခက်ခဲလာတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့မတ်လကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာ ကွယ်ရေးတပ်တို့ကြား တိုက်ပွဲတွေခပ်စိပ်စိပ် ဖြစ်ပွားလာသလို အခုရက်ပိုင်းထဲမှာတော့ နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာပါ။

တိုက်ပွဲတွေကြောင့် တနင်္သာရီမြို့နယ်ထဲက ပြည်ထောင်စုလမ်းမကြီးနဲ့ တနင်္သာရီ-မောတောင်ကားလမ်းတွေ အသုံးမပြုဖို့ တော်လှန်ရေးအင်အားစုတွေဘက်က ကန့်သတ်ထားသလို စစ်ကောင်စီဘက်ကလည်း အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးသယ်ယူခွင့် ကန့်သတ်ထားတာ ဖြစ်ပါတယ်။

နှစ်ဖက်ပိတ်ဆို့မှုတွေကြောင့် စစ်ရှောင်ပြည်သူတွေကို လာရောက်ကူညီသူတွေ မရှိတော့သလို ရိက္ခာနဲ့ဆေးဝါး ဝယ်ယူရာမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် အခက်ကြုံနေရတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

လတ်တလောမှာတော့ စစ်ရှောင်ပြည်သူတွေဟာ ရိက္ခာတွေကို ချွေတာစားသောက်နေရပြီး နောက်နှစ်ပတ်အတွင်း ဝယ်ယူလို့မရပါက ရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်လာရနိုင်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် တနင်္သာရီမြို့နယ် သိန်းခွန်၊ ရေဖြူ ၊ သဲဖြူ ၊ ချောင်းနှစ်ပေါက်၊ ဘန်းလမွတ်အပါအဝင် ကျေးရွာပေါင်း ၁၅ ရွာကျော်က ဒေသခံ ၁၅၀၀၀ ကျော်ဟာ ဘေးလွတ်ရာ တောတောင်တွေနဲ့ ဥယျာဉ်ခြံတွေအပါအဝင် ကျေးရွာဘုန်းကြီးကျောင်းတွေမှာ အများစုခိုလှုံနေကြတာပါ။

တချို့စစ်ရှောင်ပြည်သူတွေကတော့ တိုက်ပွဲမဖြစ်တဲ့ မြိတ်မြို့ပေါ်အပါအဝင် တခြားကျေးရွာတွေဘက်ကို အပြီးပိုင်ပြောင်းရွှေ့နေထိုင်တာတွေ ရှိလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တနင်္သာရီတိုင်းထဲမှာတော့ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်အတွင်း နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၄၀၀၀၀ ကျော်အထိ ရှိလာတယ်လို့ ဒေသတွင်း သုတေတနအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...