AA နှင့်ဆက်စပ်ကြောင်း တရားစွဲခံထားရသူများကို အမိန့်မချဘဲ ရုံးချိန်းအကြိမ်ကြိမ် ရွှေ့ဆိုင်းနေ

AA နှင့်ဆက်စပ်ကြောင်း တရားစွဲခံထားရသူများကို အမိန့်မချဘဲ ရုံးချိန်းအကြိမ်ကြိမ် ရွှေ့ဆိုင်းနေ

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည့်သံသယဖြင့် တရားရင်ဆိုင်နေကြရသူများကို အမိန့်မချဘဲ ရုံးချိန်းအကြိမ်ကြိမ် ရွှေ့ဆိုင်းနေမှုမှာ စွပ်စွဲခံထားရသူများကို စိတ်ဒုက္ခရောက်အောင် လုပ်နေခြင်းဖြစ်ကြောင်း မိသားစုဝင်များနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောဆိုကြသည်။

မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နှင့် တရားရင်ဆိုင်နေရသည့် မင်းပြားမြို့နယ်၊ ငှက်ရဲကောက်ကျေးရွာမှ အသက်(၃၂)နှစ်အရွယ် ကိုသိန်းဇော်အမှုတွင် သက်သေအားလုံး စစ်ဆေးပြီးစီး၍ အပြီးသတ်အမိန့်ချမှတ်ရန်သာ ကျန်ရှိတော့သည်။

သို့သော်လည်း ‘အမိန့်ချမှတ်ရန်အတွက် အထက်မှအမိန့်မရသေး’ဟုဆိုကာ ရုံးချိန်းအကြိမ်ကြိမ် ရွှေ့ဆိုင်းနေသည်မှာ ၈ လကျော်အထိ ကြာမြင့်လာခဲ့ဖြစ်ကြောင်း ကိုသိန်းဇော်၏ မိခင် ဒေါ်ခိုင်သန်းရီက ပြောသည်။

“အထက် တရားသူကြီးက- အမိန့်မကျသေးလို့၊ အသေးစိတ်လေ့လာနေလို့ အမိန့်မချသေးဘူးလို့ပဲ ပြန်ပြောတယ်။ ထပ်ရုံးချိန်းလိုက် ပြန်လာလိုက်နဲ့ အချိန်ပဲကုန်တယ်”ဟု ဒေါ်ခိုင်သန်းရီက ပြောသည်။

၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ကဖမ်းဆီးပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က)ဖြင့် စစ်ကောင်စီက တရားစွဲဆိုထားသည့် ကျောက်တော်မြို့မှ ကိုဇော်ဝင်း အပါအဝင် ဒေသခံသုံးဦးအမှုမှာလည်း သက်သေအားလုံးစစ်ဆေးပြီးဖြစ်၍ အပြီးသတ်အမိန့်ချမှတ်ရန်သာ ကျန်ရှိတော့သည်။

သို့သော်လည်း တရားရုံးက အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ ၂ ကြိမ်အထိ ရှိနေပြီဖြစ်သည်။

“အချိန်ကြန့်အောင်လုပ်နေတာက စွပ်စွဲခံရသူတွေကို စိတ်ဒုက္ခပေးရာရောက်သလို မိသားစုဝင်တွေမှာလည်း ဒုက္ခအမျိုးမျိုး ရောက်ကြရတယ်။ လူ့အခွင့်အရေးအရဆိုရင်လည်း စွပ်စွဲခံထားသူအပါအဝင် မိသားစုဝင်တွေမှာ အများကြီးနစ်နာတယ်”ဟု ကိုဇော်ဝင်း၏ဇနီး ဒေါ်ခင်လှဇံက ပြောသည်။

ထိုသို့ တရားရင်ဆိုင်နေရသူများကို တရားရုံးက အမိန့်မချဘဲ ရုံးချိန်းသာရွှေ့ဆိုင်းနေသည့်အတွက် မိသားစုဝင်များနှင့် စွပ်စွဲခံထားရသူများမှာ ငွေကြေးအခက်အခဲအပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်နစ်နာနေကြရသည်။

“စွပ်စွဲခံရတဲ့သူတွေမှာလည်း စိတ်ဓာတ်တွေ ကျကြတယ်။ စစ်ကောင်စီဘက်က ဒုက္ခပေးနေတာလို့ပဲ ပြောချင်တယ်”ဟု ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။

တရားရုံးလုပ်ထုံးလုပ်နည်းဥပဒေအရ တရားစွဲဆိုခံထားရသူများနှင့်ပတ်သက်၍ အပြီးသတ်လျှောက်လဲချက် ကြားနာပြီးပါက အနီးစပ်ဆုံးနှင့်အမြန်ဆုံး အပြီးသတ်အမိန့်ချမှတ်ရမည် ဖြစ်သည်။

“ဥပဒေအရဆိုရင်တော့ အပြီးသတ်လျှောက်လဲချက် ပေးပြီးရင်တော့ အမြန်ဆုံးအမိန့်ချမှတ်ဖို့ ဥပဒေမှာညွှန်ကြားထားတယ်။ သတ်မှတ်ချိန်တော့မရှိဘူး။ ဒါပေမဲ့ အမြန်ဆုံး လုပ်ဆောင်ရမယ်။ အဲဒီနောက် တရားစွဲတင်လို့ အပြစ်မရှိဘူးဆိုရင် ပြန်လွတ်လာမယ်။ အပြစ်ရှိရင်တော့ အပြစ်ချမှတ်ခံရမယ်”ဟု အမည်မဖော်လိုသည့် ရှေ့နေတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်ထက်တွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ပိုများလာနေပြီး ပြည်သူများမှာ ရသင့်ရထိုက်သည့် အခွင့်အရေးများကို ဆုံးရှုံးနေကြရကြောင်း ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ  ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

“အရင် မစလ ခေတ်မှာတော့ ဒီလိုမျိုးတွေ မရှိခဲ့ဘူး။ အရင်အစိုးရလက်ထက်မှာတော့ နည်းနည်းရှိခဲ့တယ်။ အခုစစ်ကောင်စီခေတ်မှာတော့ အများဆုံးလို့ ပြောလို့ရတယ်။ စစ်ကောင်စီဟာ ဥပဒေကို လက်တစ်လုံးခြား လုပ်နေတာ”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်အတွင်း AA သံသယဖြင့် ဖမ်းဆီးခံရပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)(၂)၊ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၅၀၅(က)၊(ခ)တို့ဖြင့် တရားစွဲဆိုခံထားရသူ ၅၀ ခန့်ရှိပြီး ယင်းအထဲမှ အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းခံနေရသူ ၂၀ ဦးထက်မနည်းရှိကြောင်း DMG က စုံစမ်းချက်အရ သိရသည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...